ညအမှောင်က တဖြေးဖြေးကြီးဆိုးလာခဲ့၏။ အမှောင်ထု ကြီးထွားလာသည်နှင့်အမျှ ကောင်းကင်ယံထက်မှာ သာနေသောလမင်းကြီး၏ အရှိန်အဝါတို့ဟာလည်း တောက်ပလာလေဖြစ်သည်။ လပြည့်နေ့မို့ထင် လမင်း၏အရှိန်အဝါက ယခင်နေ့များထက် ပို၍တောက်ပနေပြီး လရောင်က အားကောင်းနေသည်။ ကောင်းကင်ထက်မှ မြေပြင်ပေါ် ဖြန့်ကြဲနေသော လရောင်ဟာ ပြတင်းပေါက်မှတဆင့် အခန်းထဲထိ ဖြာဝင်နေပေမဲ့ အိပ်ခန်းထဲတွင်ဖွင့်လျက်ရှိနေသေးသည့် လျှပ်စစ်မီးအရောင်ကိုတော့ မတိုးဖောက်နိုင်ခဲ့ပေ။
လွန်းခတ်ပိုင်သည် မှေးခနဲ အိပ်ပျော်သွားရင်းမှ ပြန်နိုးလာခဲ့သည်။ သူသည် တစ်ချက်မျှသမ်းဝေလိုက်ပြီး ကုတင်ဘေးစားပွဲပေါ် တင်ထားသောဖုန်းကို လက်တဖက်ထဲဖြင့် လှမ်းယူကာ ဖွင့်ကြည့်လိုက်၏။ အချိန်ကား ညဆယ့်တစ်နာရီပင်ထိုးနေလေပြီ။ လွန်းခတ် ဖုန်းကိုအသာပြန်ချလိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ်မှလှုပ်စေလိုက်သည်။ သို့သော် နေရာကနေတော့နည်းနည်းလေးမှရွေ့မသွားခဲ့ပေ။ အကြောင်းမှာ ဘုံဘုံလေးဟာ ဂျီကျရင်း လွန်းခတ်ကိုယ်ပေါ်မှာအိပ်ပျော်သွားသောကြောင့်ဖြစ်သည်။ ဘုံဘုံနေမကောင်းသည့် အချိန်နှင့်ဂျီကျလွန်းသည့်အချိန်ဆို လွန်းခတ်ပင်ပန်းရသည်။ ထိုအချိန်တွေဆို ဘုံဘုံသည် လွန်းခတ်မှလွဲ မည်သူ့အနားကိုမှ မကပ်တော့ပေ။
လွန်းခတ်ပိုင်သည် တွေးတွေးဆဆနှင့်ပဲ ရင်ခွင်ထဲနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဘုံဘုံလေးကို ငုံ့နမ်းလိုက်၏။ တစ်အိမ်လုံး၏ ချစ်မဝဖြစ်နေရသော သားငယ်လေးကိုကြည့်ပြီး လွန်းခတ် ကြည်ကြည်နူးနူးပြုံးမိပြန်သည်။
လွန်းခတ် ကုတင်အောက်ခြေဆီကိုကြည့်မိပြီး မျက်မှောင်ကြုတ်လိုက်သည်။ အလုပ်သရဲက ယခုအချိန်ထိအလုပ်တွေမပြီးသေးဘူးထင်ပါရဲ့။ ဒီရက်ပိုင်း ရှိုင်းဆက်တစ်ယောက် အလုပ်တွေများနေတာကြောင့် ကုမ္ပဏီကနေအိမ်အထိပါ အလုပ်တွေမပြီးပြတ်နိုင် ပါလာတတ်သည်။ ကုမ္ပဏီက နှစ်ကုန်အတွက် Project ကြီးကြီးတစ်ခုကို သူဦးဆောင်လုပ်နေရသည်လို့တော့ ပြောပြနေသေး၏။ အလုပ်တွေမအားမလပ်ဖြစ်နေရတာတောင် အိမ်ပြန်ရောက်ချိန်တွင် သားနဲ့နေဖို့ သီးသန့်အချိန်တစ်ခုကထုတ်ပေးထားသေးသည်ကိုတော့ လွန်းခတ်အံ့သြမိသည်။