ညကြီး အချိန်မတော် နှစ်ယောက်သား တိုက်အောက်ဘက်သို့ ဆင်းလာကြသည်။ရှိုင်းဆက်သည် သူ၏လက်ဖဝါးဖြင့် လွန်းခတ်မျက်လုံးတွေကို ပိတ်ထားပြီး ကိုယ်လေးကို ထိန်းကာ ရှေ့သို့တစ်လှမ်းချင်း ဖြေးဖြေးဆီ လျှောက်စေသည်။
“ မရောက်သေးဘူးလား ။ “
“ ခဏလေး ရောက်တော့မယ်။ “
ခြေလှမ်းပေါင်း အလှမ်း၂၀နီးပါးလောက် လှမ်းပြီးတော့မှ ရှိုင်းဆက်က ရှေ့သို့ဆက်မလှမ်းစေတော့ဘဲ ရပ်တန့်လိုက်သည်။
ထိုအခါမှ လွန်းခတ်၏ မျက်လုံးတွေပေါ်ကာထားသည့် လက်ကို ဖြေးဖြေးချင်း ဖယ်ခွာပေးလာေတာ့မှ သူသည်လည်း မျက်လုံးတွေကို ဖြေးညင်းစွာ ဖွင့်လိုက်သည်။
“ စပရိုက် “
“ ဒါက “
လွန်းခတ် မြင်ကွင်းထဲပေါ်လာသည်က အနီရောင်ကားအသစ်တစ်စီးဖြစ်၏။ ၎င်းသည် သူလိုချင်နေသည့် ကားအမျိုးအစားလည်းဖြစ်သည်။
“ လွန်း အတွက်လေ ။ ဘယ်လိုလဲ ကြိုက်လား။ “
လွန်းခတ်ပိုင်သည် အံ့သြလျက်သားဖြစ်နေသေးသည်။
ဒါသူ့အတွက်တဲ့လား။ရှိုင်းဆက်ကိုတစ်လှည့်ရှေ့က ကားကိုတစ်လှည့် ကြည့်နေပြီး နှုတ်ခမ်းများ ကွေးညွှတ်သွားသည်အထိ ပြုံးနေသည်။
ရှိုင်းဆက်သည် သူ၏ ခင်ပွန်းသည် ဗိုက်ပူလေး၏ ကားအသစ်ကို လှည့်ပတ်ကြည့်နေပြီး ပြုံးပျော်နေသည့်ပုံက သူ့ဆီပါ အပျော်တွေကူးစက်လာစေသည်။
“ တကယ်ကြီးလား။ “
“ အင်း ။ကြိုက်တယ်မလား။ “
“ ဒါငါအရမ်းလိုချင်နေတဲ့ အမျိုးအစားလေ။ကြိုက်တာပေါ့ “
“ ကိုယ်သိတာပေါ့။ ကိုယ့်ယောကျာ်းလေးအကြိုက်ကို ကိုယ်အကုန်သိတယ်။ “
လွန်းခတ်သည် အပျော်လွန်ပြီး ရှိုင်းဆက်ကို ဖက်လိုက်သည်။
“ ကျေးဇူးပဲ…. ငါ့ယောကျာ်းက အရမ်းချစ်ဖို့ကောင်းတာပဲ “
ထို့အတူ ရှိုင်းဆက်၏ ပါးနှစ်ဖက်စလုံးကိုပါ အသံထွက်လာသည်အထိမွှေးကြူလာ၏။