[Unicode]
အခန်း(၁၂)[ညစာ]
ညအချိန်သည် ဆောင်းလေတို့ရစ်သိုင်းကာ စည်ကားသက်ဝင်လျက်ရှိပေသည်။လူတန်းစားမျိုးစုံအလွှာမျိုးစုံတို့ တစ်နေ့တာဝတ္တရားများအပြီး ခြေလှမ်းတို့ပျားပန်းခတ်မတတ်လှုပ်ရှားနေကြသော မြို့လယ်ကောင်သည် ရောင်စုံမီးများနှင့်အတူ လန်းဆန်းတက်ကြွလျက်ရှိနေ၏။
"သျှင်း ဘာစားချင်လဲ"
ဘေးချပ်ကပ်လျက်ယှဉ်ကာ လမ်းလျှောက်နေသောကြောင့် ဘေးမှလိမ္မောင်ရောင်ကောင်လေး၏ပုခုံးနှင့် ခဏခဏတိုက်နေပေသည်။မတော်တဆထက် နှစ်ဦးသားတမင်တိုက်နေပုံပိုရ၏။
"မင်းကအိမ်ရှင်လေ မင်းကျွေးတာ ငါကစားရမှာပေါ့"
အိမ်ရှင်ဟူသောစကားသည် တာဝန်တို့ကိုပိုမိုကြီးမားစေ၏။လိမ်းနေကျခေါင်းလိမ်းဆီမလိမ်းရသေးသဖြင့် ဖွာလန်ကြဲနေသောဆံပင်တို့အား လက်ချောင်းများဖြင့်ထိုးဖွလိုက်ပြီး သျှင်းအတွက်အကောင်းဆုံးဖြစ်စေမည့်ဆိုင်ကိုစဉ်းစားရလေတော့သည်။
"ငါက ဆင်းရဲတော့ ဆိုင်ကြီးဆိုင်ကောင်းတွေမှာမစားဖူးဘူး လမ်းဘေးဆိုင်လောက်ပဲ စားဖူးတာ"
"ဟာ သွင်ကလဲ လမ်းဘေးဆိုင်ပဲဖြစ်ဖြစ် ဘာဆိုင်ပဲဖြစ်ဖြစ် မင်းနဲ့စားရမှာပဲကို ကျွန်တော့်အတွက်ကအဆင်ပြေပါတယ်"
"မင်းတကယ်ရောစားနိုင်လို့လား"
တကယ်ကိုအတည်ကြီးမေးနေသောလင်းခေတ်သွင်ကြောင့် သျှင်း မျက်မှောင်တို့ကျုံ့လာ၏။
"ဘာလဲ မင်းက ကျွန်တော့်ကိုဘဝင်မြင့်တယ်လို့ပြောဦးမလို့လား"
"အေး"
တိုတိုတုတ်တုတ်ပင်ထွက်လာသောအဖြေကြောင့် သျှင်း ဒီတစ်ခါတော့ လင်းခေတ်သွင်ပုခုံးကို ခပ်နာနာလေးတွန်းလိုက်လေသည်။
"ဒီဘဲနော် ခင်ဗျား ကျွန်တော်စရောက်ကတည်းက ဘဝင်မြင့်တယ်ပြောနေတာ ကျွန်တော်နဲ့နေနေတာဖြင့် ဘဝင်မြင့်မမြင့်မသိရသေးဘူးလား"
"မင်းဘဝင်မြင့်မမြင့်တော့သေချာမသိပေမဲ့ မင်းfeelတက်နေချိန်ဆို မျက်နှာလေးက အတော်ချစ်ဖို့ကောင်းတယ် အရိုင်းအစိုင်းလေးရဲ့"
YOU ARE READING
𝗪𝗛𝗢?
Mystery / Thrillerကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့်ကိုဘယ်တော့မှမတွေ့နိုင်ဘူး