[Unicode]
အခန်း (၂၁) [အမှတ်တရ]
တဖြည်းဖြည်းနက်လာသော အမှောင်နှင့်အတူ ညသည်ပို၍သွေးပျက်ဖွယ်ကောင်းလာသည်။ငိုသံတွေနှင့်သီချင်းဆိုသံတွေရောထွေးနေသော အခန်းငယ်လေးသည် ခြောက်ခြားဖွယ်။
"သျှင်း ဘာလို့ငိုနေတာလဲ ဘာဖြစ်လို့လဲ"
တစ်စထက်တစ်စပိုမိုနီးကပ်လာသော သီချင်းဆိုသံ..သျှင်း၏ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ်တုန်ရီနေရာမှ ရှိုက်ကြီးတငင် ငိုချလိုက်မှုကြောင့် အထိန်းအကွပ်မဲ့စွာ ပိုမိုတုန်ရီလာလေ၏။
"သွင် ကျေးဇူးပြုပြီး သွင့်ညီမကိုတော်ခိုင်းလိုက်ပါ"
ညီမ...ဘယ်ကညီမလဲ သျှင်း အမှတ်မှားနေတာများလား လင်းခေတ်သွင်က တစ်ဦးတည်းသောသားလေ။
"သျှင်း ဘာတွေပြောနေတာလဲ ငါ့မှာမှ ညီမမရှိတာ"
"မဟုတ်ဘူး သွင် ညီမကိုမြန်မြန်ရပ်ခိုင်းပေးပါ။ တောင်းပန်ပါတယ် အစ်ကိုကပဲ တောင်းပန်ပါတယ် ဒီသီချင်းကိုတော့ မဆိုပါနဲ့နော်"
မျက်ရည်များက အရှိန်အဟုန်ပြင်းစွာကျဆင်းနေပြီး လက်အုပ်ချီကာ နံရံထောင့်ချိုးတစ်နေရာသို့ မျက်နှာမူ၍တောင်းပန်နေသော သျှင်းအားကြည့်ပြီး သူတကယ်ပဲနားမလည်တော့ချေ။
ဒီကောင်လေးပုံကြည့်ရတာလည်း တော်တော်လေးထိတ်လန့်ကြောက်ရွံ့နေသည့်ဟန်။
သူ့ရဲ့ဘဝထဲကို မေးခွန်းများစွာနှင့်ဝင်ရောက်လာခဲ့သူသည် အဖြေမရှိသော မေးခွန်းများကို ပြုလုပ်မြဲပြုလုပ်နေလေ၏။
"အိပ်ပါတော့ကွယ် ကြောင်ကြီးကိုက်လိမ့်မယ် အိပ်ရာကနိုးရင်ကျောင်းသွားရဦးမယ် မျက်စိမှိတ်ထားကွယ် အိပ်မက်လှလှမက်စေမယ်"
"သွင် မြန်မြန်လေး"
ဘယ်ကမှန်းမသိသည့် သီချင်းသံမှာလည်း ညှီစို့စို့အနံ့တစ်ခုနှင့်အတူ ပိုမိုကျယ်လောင်လာလေသည်။
ဟင် အနံ့က ဘယ်ကနေရောက်လာတာလဲ သေချာအနံ့ခံကြည့်ရင် ညှီစို့စို့ချည်းတော့ဟုတ်မနေဘူး ပန်းအနံ့လိုလို။ဒီအနံ့မျိုးကို လင်းခေတ်သွင် သေချာပေါက်ရခဲ့ဖူးသည်။သို့သော်လွယ်လွယ်နှင့်စဉ်းစားမရချေ။
YOU ARE READING
𝗪𝗛𝗢?
Mystery / Thrillerကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့်ကိုဘယ်တော့မှမတွေ့နိုင်ဘူး