[Unicode]
အခန်း(၂၂) (သေသူရှင်သူအရပ်)
"ဝိဉာဉ်တွေရဲ့လောကကို လူသားတွေက စိတ်တိုင်းကျဝင်ရောက်စွက်ဖက်လို့ရမယ်များထင်နေတာလား"
နွေ၏ပြင်းရှရှခက်ထန်နေသော အပူဒဏ်ကို အံ့တုကာ သောက်ရေဘူးကိုယ်စီ ယပ်တောင်ကိုယ်စီနဲ့ နေရာတစ်နေရာဆီသို့ချီတက်နေကြသည့် လူအုပ်တစ်အုပ်သည် အပူကိုဟန်လုပ်နေကြသည့်ပုံ။
ဒူ ဝေ ဝေ~
တစစလွင့်ပျံလာသည့် လူအုပ်၏ရှေ့ဆုံးမှကြေးစည်သံသည် ထိုနေရာတစ်ခွင်၌ကြီးစိုးနေ၏။လူတိုင်း၏စိတ်ထဲတွင် မပြောဖြစ်ကြပေမဲ့ အတွေးတွေတော့ တူညီနေကြမည်ထင်ပါသည်။
ဒီတစ်ခါတော့ ကြေးစည်ထုတဲ့သူနောက်လှည့်မကြည့်ပါစေနဲ့...
"အမလေး အဖေရယ် အဖြစ်ဆိုးလှချည်လား သမီးတို့ကိုထားခဲ့ရက်နိုင်ပြီပေါ့ အမလေး သေတာတောင် အလောင်းမလှသေရတဲ့ငါ့အဖေရဲ့"
လူအုပ်၏ အတွေးထဲတွင် အချိန်အတော်ကြာစိုးမိုးနေသော ကြေးစည်သံအားဖုံးလွှမ်းကာ ခပ်စူးစူးထွက်ပေါ်လာသော အမျိုးသမီးငယ်တစ်ယောက်၏အသံ။
"နို့~ဦးလေးကိုရင်ချစ်မောင်က ဘာလို့ဆုံးသွားတာလဲဗျို့"
ဘေးမှမွန်းရဲ့မေးသံကိုကြားလိုက်မှ သူရဲ့အတွေးတွေက မူလနေရာသို့ပြန်လည်ရောက်ရှိလာလေသည်။
ဒီအရပ်ဒေသတွင် သူ့အားသိသူမရှိ။ဘဝကား လွတ်လပ်ခြင်းအတိ။ဤသည်ကား သူ၏ဘဝ၌ ပထမဆုံးပို့ဖူးတဲ့ အသုဘနာရေးတစ်ခုဖြစ်လေ၏။
မွန်းရဲ့ဖိတ်ခေါ်မှုကြောင့် မေမေ့ထံမှခွင့်ပြုချက်တောင်းကာ သူတို့မြို့လေးနှင့် အတန်လှမ်းသည့်ကျေးရွာလေးဆီသို့ သူရောက်ရှိလာသည်။မွန်း၏မွေးရပ်မြေဖြစ်သကဲ့သို့ မွန်းအဘိုးအဘွားတွေရှိရာ ရွာငယ်လေးလည်းဖြစ်ပေ၏။အနည်းငယ်ခေါင်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးမှာ ကြမ်းတမ်းသော်လည်း တကယ်ရောက်လာသည့်အခါတွင်တော့ စိတ်ဝင်စားစရာအပြည့်နှင့် အေးချမ်းသာယာသောရွာလေးပင်ဖြစ်သည်။
သူမေ့မေဆီကနေ ခဏတာလွတ်မြောက်ချင်သည်။သူ ဦးဆီကနေ တစ်သက်တာလွတ်မြောက်ချင်သည်။ကြိုးပြတ်သွားသည့်စွန်ငယ်တစ်ခုလို သူ့ဘဝကိုလွင့်ချင်ရာလွင့် မျောချင်ရာမျောလိုက်ချင်တော့သည်။
YOU ARE READING
𝗪𝗛𝗢?
Mystery / Thrillerကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့်ကိုဘယ်တော့မှမတွေ့နိုင်ဘူး