Part_2

6.1K 596 6
                                    

နောက်တစ်နေ့ မနက် ၆ နာရီအတိမှာ ဒေါ်ခင်မမ လွှတ်လိုက်တဲ့ အိမ်စီးကားတစ်စီးဟာ ဝသာန်တို့ အိမ်ရှေ့ထိ ရောက်လာပြီး ဝသာန့်ကို လာခေါ်သည်။

ကားပေါ်တွင် နာရီဝက်လောက် စီးနင်း လိုက်ပါလာပြီး နဝရတ်အိမ်ရာ ကို ရောက်လာခဲ့သည်။ လူကုံထံအိမ်ရာ ဖြစ်မှန်း လမ်းတိုင်းစေ့ ခင်းထားသော ကွန်ကရစ်၊ ဝန်းခတ်ထားသော လုံးချင်းတိုက်များက သက်သေထူလို့နေသည်။

ငှက်ကလေးများ၏ ကျီကျီကျာကျာအသံကြားရလောက်အောင် တိတ်ဆိတ်ပြီး လမ်းပေါ်တွင် အမှိုက်တစ်စ မရှိအောင် သန့်ရှင်းသည်။

မနက် အစောဖြစ်တာကြောင့် လူသွားလူလာ သိပ်မတွေ့ခဲ့ရ။ ကားသည် ပါရမီစံအိမ် ဟု အမည်တပ်ထားသော လိမ္မော်ရောင် ဆေးတောက်တောက်သုတ်ထားသည့် သုံးထပ်တိုက်ကြီးတစ်ခု၏ ရှေ့တွင် ရပ်တန့်သွားသည်။

ကားဟွန်းနှစ်ချက်ဆင့်တီးလိုက်တာနှင့်တပြိုင်တည်း အတွင်းဘက်က မိန်းကလေးတစ်ယောက် ပြေးလာပြီး ဝန်းတံခါးသော့ကို ဖွင့်သည်။ စင်ဝင်အောက်ထဲသို့ ကားရပ်လိုက်ပြီးသည်နှင့် ဝသာန် ကားပေါ်က ဆင်းလိုက်သည်။

ကားနောက်ခန်းထဲတွင် ထည့်လာသော အဝတ်သေတ္တာကို ကားမောင်း၏ အကူအညီနှင့် အောက်သို့ ချလိုက်ပြီး စောနက ဝန်းတံခါးဖွင့်ပေးသော မိန်းကလေး၏ နောက်မှ လိုက်ကာ အိမ်ထဲသို့ရောက်လာခဲ့သည်။

နင်းရက်စရာမရှိအောင် ပြောင်လက်နေသော အဖြူရောင်ကြွေပြားများသည် အိမ်အပြည့်ခင်းကျင်းထားသည်။ ဝင်ဝင်ချင်း ညာဘက်ခြမ်းတွင် နီညိုရောင် ဇိမ်ခံဆိုဖာခုံ တစ် set စာက ဧည့်ခန်းအဖြစ် နေရာယူထားသည်။

" ရောက်ပြီပေါ့ "

ဒေါ်ခင်မမ က ပိတောက်ခြောက်ရောင် ပိုးထည်ဝမ်းဆက်ကို ဝတ်ဆင်ထားပြီး အလုပ်သွားဖို့ အဆင်သင့်ဖြစ်နေဟန်တူသည်။

" မင်း ပစ္စည်းက ဒါပဲလား "

တစ်အိတ်တည်းသော Luggage ကိုကြည့်ပြီး ဒေါ်ခင်မမက အမေးဆိုသည်။ ဝသာန့်အတွက်မူ တစ်ကိုယ်ရေတစ်ကာယ အသုံးအဆောင်ကတော့ ထိုမျှနှင့် ပြည့်စုံလုံလောက်စွာပါဝင်သည်။

SENG (Paraplegia)Where stories live. Discover now