အပိုင်း(၄၁)

1.6K 63 2
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၄၁)

  မှောင်မည်းနေသောအခန်းကျဉ်းဟာ အအေးထုတို့ဖြင့်သိပ်သည်းနေ၏။ ထိုအမှောင်ထုတို့ကြားတွင်ကလေးမလေးတစ်ယောက်၏ငိုသံကား ထွက်ပေါ်နေ၏။

" ဟင့်... ဖေဖေ သမီးကြိုးစားပါ့မယ်...  ကျေးဇူးပြုပြီးဒီအမှောင်ထုထဲကနေကယ်တင်ပေးပါ ''

  မျက်နှာကို ဒူးနှင့်အပ်လျက်ငိုနေမိ၏။  ထိုကမလေး၏တရှုံ့ရှုံ့ငိုသံတွေထဲတွင် ထိုမှောင်မည်းအေးစက်နေသော အခန်းထဲမှထွက်နိုင်ရန်တောင်းပန်နေ၏။

  " ဂွီ..  ''

   အခန်းထဲထည့်ပိတ်ခံထားရတာကြာပြီဖြစ်သောကြောင့် ထိုကလေးမ၏ အစာအိမ်မှလည်း တဂွီဂွီမြည်လျက် အစာကိုတောင်းဆိုနေ၏။

  " ဟင့် ''

  နှာကိုရှုံ့ရင်းဘခေါင်းကိုမော့လိုက်တော့ ငံကျိကျိမျက်ရည်ပူတို့၏အရသာကိုသူမခံစားမိသည်။

" ကျွီ ''

  တဖြည်းဖြည်းပွင့်လာသောအခန်းတံခါးကျယ်နှင့်အတူ အလင်းရောင်တိုးဖျော့ဖျော့သည်လည်းဝင်ရောက်လာ၏။ ထိုအလင်းရောင်တွေကြားမှပင် အလှပဆုံးသောအပြုံးပိုင်ရှင် သူမ၏ မေမေသည်လည်း ထွက်ပေါ်လာ၏။ ဘေးနားမှာရောင်စဉ်တွေဖြာနေသော သူမ၏မေမေသည်တကယ်ကို နတ်သမီးတစ်ပါးကဲ့သို့ပင် ။

လက်ခုံဖြင့် မျက်ရည်ပူတွေကို ခပ်ဖြည်းဖြည်းသုတ်လိုက်ရင်း နေရာမှထလိုက်၏။ ထို့နောက်မိခင်ရှိရာဆီသို့အားကိုးတကြီးပြေးကာ ဖက်လိုက်မိသည်။

" မေမေ !! "

  ကြောက်ရွံ့နေသောသူမ၏မျက်လုံးများသည် ယခုတစ်ခါတွင်တော့ မျှော်လင့်ချက်တို့ပြည့်နက်နေ၏။ တစ်နေ့တာဆာလောင်မှုနှင့် အမှောင်ထု၏နှိပ်စက်မှုတို့ကြောင့်ထိုမိန်းကလေးငယ်မှာ သူမ၏မေမေအားဖက်လျက် မေ့လဲသွားတော့သည်။ 

အေးစက်စက်အထိတွေ့တစ်ချို့ကား သူမအားထိတွေ့နေ၏ ။ ထိုအအေးတို့ကပင်သူမ၏ ခန္ဓာကိုယ်မှအပူတို့အားစုပ်ယူနေ၏။

  မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က သူမအားရေပတ်တိုက်ပေးနေသည့်မိခင်။  

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now