၁။ ချင်းစိမ်း နှင့် မိဿလင်

74 4 14
                                    

၂၀၀၇ ဇွန်လ။

အနောက်တောင်တစ်ခွင် ကောင်းကင်ပြင်က မှိုင်းမှိုင်းညို့ညို့။ မိုးစက်တို့၏ ရှေ့တော်ပြေး မိုးသက်လေနု​အေးလေးက ခပ်စိပ်စိပ် တိုက်ခတ်လာလေပြီ။ သိပ်မကြာခင် ဇွန်လ၏ ဦးဆုံး မိုးစက်တို့ ကြွေကျလာကြတော့မည်။

မှိုင်းအိလာသည့် ကောင်းကင်ကို မော့ကြည့်ရင်း နိုင်သတိုး စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းမဲ့မိ၏။

မိုးရာသီကို နိုင်သတိုး မကြိုက်။
ရေ စိုစိစိုစိနှင့် သွားရလာရသည်ကိုလည်း မနှစ်သက်။
အိမ်ခေါင်မိုး သွပ်ပြန့်ပေါ်မှ မိုးကျသံ တဖျောက်ဖျောက် ကြားရသည်ကိုလည်း သဘောမတွေ့။

ယခုလည်း မှုန်မှိုင်းလာသည့် မိုးသားတို့က ကျောင်းဆင်းချိန်၌ အတိအကျ သေချာပေါက် ရွာချတော့မည်။

မိုးနတ်မင်းက ထိုသို့ အကျင့်ပုတ်ပါ၏။

" ကျောင်းဆင်းတဲ့အချိန် မိုးရွာရင် မိုက်ပြီ၊ ကျူရှင် မသွားရတော့ဘူး၊ မိုးရွာထဲ ဘောလုံးထွက်ကန်မယ်.. ဟဟ... "

အပြီးကျောင်း မဆင်းခင် သူငယ်ချင်းဖြစ်သူ ဓိမိုင်းနောင်နှင့်အတူ အမှိုက်လာပစ်နေစဥ် ကျောဘက်ဆီမှ ကြားလိုက်ရသည့် စကားသံကြောင့် မည်သူဆိုသည်ကို နိုင်သတိုး တန်းသိလိုက်သည်။

" ဘယ်သူပြောလဲ.. ကျူရှင် မသွားရဘူးလို့၊ ဒေါ်မြင့်မြင့်ဝေလား.. မိုးရွာလို့ ကျူရှင်ပိတ်ပေးမှာ၊ ရွာတဲ့မိုးပဲ ခမ်းသွားလိမ့်မယ်.. ငါတော့ မင်ကုန်ပဲ "

အဒေါ်ဖြစ်သူ၏ နာမည်ကို ကြားလိုက်ရ၍ အမှိုက်ပစ်နေရင်းမှ နိုင်သတိုး နားစွင့်လိုက်၏။ အဒေါ်ဖြစ်သူက ကျောင်း၌ စည်းကမ်းကြီးပြီး အရိုက်လည်း ကြမ်းသည်ဟု သတင်းမွှေးသူ ဖြစ်သည်။ အလယ်တန်းပြ ဖြစ်ကာ ယခုနှစ်တွင် ရှစ်တန်း ဘီ ၌ တာဝန်ကျလေသည်။

" သူ့ဘာသူ ဖွင့်ချင်ဖွင့်ပေါ့၊ ငါကတော့ မိုးရွာရင် မတက်ဘူး၊ မင်းလို ဟိုက်ပါကြီးကတော့ တက်ပေါ့လေ၊ မိုးသံနဲ့ စာသင်လို့လည်း ရမှာ မဟုတ်ဘူး "

ကျောင်းသားတိုင်း ဖိန့်ဖိန့်တုန်ရသည့် မိမိအဒေါ်နှင့် မိမိအဒေါ်အား ကန့်လန့်တိုက်မည့်သူ တွေ့လေပြီ။ နိုင်သတိုး သဘောကျစွာ ပြုံးလိုက်မိ၏။

The Last BreathWhere stories live. Discover now