၃။ သင်ခန်းစာ ၁၀၁

43 4 18
                                    

>>> ဒေါင်..! ဒေါင်..! ဒေါင်..! <<<

မုန့်စားကျောင်းဆင်း ခေါင်းလောင်းထိုးပြီး မကြာမီ အခန်းအသီးသီးမှ ကျောင်းသားကျောင်းသူများ အလျှိုလျှိုဖြင့် ထွက်လာကြသည်မှာ ပုရွက်ဆိတ်အုံ တုတ်နှင့်ထိုးလိုက်သည့်အတိုင်းပင်။

" ဂွတ်ဘိုင် ကလက်စ် "

" ဂွတ်ဘိုင် တီချယ် သန့်ခ်ယူ တီချယ် "

အံထူးမော်တို့ အုပ်စုလည်း အင်္ဂလိပ်ဆရာမကို နှုတ်ဆက်ပြီးသည်နှင့် ရှစ်တန်းဆောင်ရှေ့က ဘဥာဏ် အအေးလှည်းဆီသို့ ထွက်ခဲ့သည်။ သူတို့အဖွဲ့ လှည်းနားရောက်ချိန် ဘဥာဏ်မှာ ခေါင်းလောင်းတီးပြီး၍ ရုံးခန်းအပေါ်ထပ်မှ ဆင်းလာသည်။

🎼 မ မချစ်လို့တော့ သေနိုင်တယ်.. အပိုတွေ မဆိုဘူး ယုံတော့ကွယ်... မမှ မချစ်ရင် ဘဝပျက်သွားနိုင်တယ် ဟုတ်တယ် မမှ မချစ်ရင် ဘဝပျက်သွားနိုင်တယ် 🎼

" တော်ပါတော့ မောင်မှိုင်းရာ... မင်း မနက် ကျောင်းရောက်ကတည်းက ဘဝပျက်နေတာ၊ သေလည်း မသေနိုင်ဘူး၊ နောက်တစ်ပုဒ် ပြောင်းဆိုရင်လည်း ဆိုကွာ "

" ဘယ်မ,ဆီက အငြင်းခံလိုက်ရမှန်းမှ မသိတာ၊ ဘဥာဏ်.. ကျွန်တော့်ကို ကော်ဖီအေး "

အနီးကပ် နားဒုက္ခပေးနေသည့် မောင်မှိုင်းကို ဇကွဲနှင့် နှစ်ယောက်ပေါင်း နှိမ်လိုက်ပြီး လှည်းနားရောက်လာသည့် ဘဥာဏ်ဆီ အအေးလှမ်းမှာလိုက်သည်။

" ဖွ ဖွ ဖွ လွဲပါစေဟ.. ဘာကိစ္စ အငြင်းခံရမှာတုန်း.. လိုက်တောင် မလိုက်ရသေးတာကို၊ ကျွန်တော်က သစ်ခွနော် ဘဥာဏ် "

" လိုက်လည်း ငြင်းခံရမယ့်ဟာကို "

နာမည်က မလွယ်ကူသောဆေးဖက်ဝင်အပွင့်ဟု အဓိပ္ပါယ်ရသည့် ခက်လေးညှင်းကလည်း ဝင်ခွပ်ပြန်သည်။

ထိုအခါ မောင်မှိုင်းက နှာကစ်သွားကာ ထဆဲတော့သည်။

" လောင်ကီး ငလေး..! "

အဆဲခံရသည့် ငလေးကလည်း မနာ၊ ဝါးလုံးကွဲမတတ် ရယ်သည်။ အံ့ထူးမော်နှင့် ဇကွဲမှာလည်း အူတက်မတတ် ရယ်မိကြသည်။

" ဖယ်ကြစမ်းပါဟယ်.. နားကိုငြီးနေတာပဲ... "

အနားရောက်လာသည့် ကြာညို့မက ဝင်ဟောက်စားလုပ်သွားသည်။

The Last BreathWhere stories live. Discover now