၆။ နီးခြင်း ဝေးခြင်း ပညတ်များ

44 4 0
                                    

ဆွမ်းတစ်ဇွန်းစာသာ ကျန်တော့သည့် ဆွမ်းအုပ်ထဲ ဆွမ်းဖြည့်ခူးရင်း တိုင်ကပ်နာရီကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ခုနစ်နာရီ ထိုးနေချေပြီ။

" တာတာရေ... "

" နိုးပြီ မေရ.. ရေချိုးမလို့ "

တုံ့ပြန်သံက ကြည်ကြည်စင်စင်။ သီတင်းကျွတ် ကျောင်းပိတ်ရက် ဖြစ်သော်လည်း နေမြင့်သည်အထိ မအိပ်စေဘဲ နှိုးရသည်။ ကျောင်းဖွင့်ရက် အကျင့်ပါပြီး မနက် မထနိုင်ဖြစ်မည်ကို စိုးသည်။

" အဖေ.. ဆွမ်းဖြည့်ပြီးပြီနော် "

အိမ်ရှေ့၌ အပင် ရေလောင်းနေသည့် ဖခင်ကို လှမ်းအသိပေးရသည်။ ဆွမ်းအုပ်ကို နေရာတကျ ပြန်ထားလိုက်ပြီး အိမ်ထောင်ရှင်မတို့ ထုံးစံအတိုင်း မီးဖိုချောင်ကိစ္စများ ဇယ်ခတ်သလို လုပ်ရပြန်တော့သည်။ မနက် လင်းအားကြီးအချိန်ကတည်းက ချက်ပြုတ်နေရသည်မှာ ခုထိ လက်စမသတ်နိုင်သေး။

လင်သားက စစ်သား။ တစ်ရပ်တစ်ကျေး၌ တာဝန်ထမ်းဆောင်နေ၍ မိသားစု၏ အိမ်ထောင်ဦးစီးတာဝန်က ဒေါ်စန္ဒာအောင်၏ ခေါင်းပေါ် ရောက်လာသည်။

စစ်သားမယားဆို၍လည်း မာန်မတက်နိုင်။ ဟန်သာရှိပြီး အဆန်မရှိသည့် ဘဝ။ တစ်လတစ်ခါ လင်သား လှမ်းပို့ပေးသည့် လစာကလည်း ဟိုဖြတ် ဒီဖြတ်နှင့်ဆိုတော့ လောက်ငှရုံသာရှိသည်။ ထိုလစာနှင့်သာဆိုလျှင် အပို မစုဆောင်းနိုင်သည်မှာ အမှန်။ စက်ချုပ်ဆိုင်ကလေး ဖွင့်ထားမိ၍သာ အဆင်ပြေနေတော့သည်။

မွေးထားသည့် ရင်နှစ်သည်းချာက သမီးမိန်းကလေး။ မွေးရာပါ နှလုံးအားနည်းသူကလေး၏ ရှေ့ရေးအတွက် စုဆောင်းရဦးမည်။ ရှေ့လျှောက် အရွယ်ရောက်ကာ အပျိုကလေး ဖြစ်လာတော့မည့် သမီးလေးက လှချင်ပချင်ရှာမည်။ အပြည့်စုံကြီး မဟုတ်လျှင်တောင် လူတန်းစေ့နေနိုင်အောင်တော့ ဒေါ်စန္ဒာအောင် ကြိုးစားရုန်းကန်ရပေဦးမည်။

ကြွေးသစ်ကိုလည်း ချရသလို ကြွေးဟောင်းကိုလည်း ဆပ်ရသေးသည်။ မိခင် ဆုံးပြီးနောက်ပိုင်း တစ်ယောက်တည်းသာ ကျန်ခဲ့သည့် ကျောက်ကပ်ရောဂါသည် ဖခင်ကို ပြုစုစောင့်ရှောက်ချင်၍ စစ်သားနှင့် အိမ်ထောင်ကျခဲ့သော်လည်း တပ်လိုင်းခန်း၌ လိုက်မနေဖြစ်ခဲ့။ ထို့ကြောင့်လည်း အိမ်ထောင်ရှင်မိန်းမသားတစ်ယောက်အနေဖြင့် ပိုရုန်းကန်ရသည်။

The Last BreathWhere stories live. Discover now