အချိန်ယန္တရားက ဒီဇင်ဘာလထဲသို့ ချဥ်းနင်းဝင်ရောက်လာလေပြီ။
ဆောင်းဆိုလျှင် ခိုက်ခိုက်တုန်အောင် ချမ်းအေးတတ်သော မန္တလေးဆောင်းကလည်း တစ်စတစ်စ ပီပြင်လာခဲ့သည်။
မနက်ခင်း၌ မြှူများ သိပ်သိပ်သည်းနေတတ်သလို တချို့ရက်များတွင် နေ့လယ်ခင်း ရောက်သည်အထိ အအေးဓာတ် မပြယ်ဘဲ ရှိတတ်သည်။ ညနေစောင်းသည်နှင့်လည်း အေးရိပ်တို့ သမ်းလာတတ်သည်။
နေ့တာတိုလာ၍ ညနေ ငါးနာရီဆိုလျှင် နေရောင်ပျောက်ချေပြီ။
" လုပ်ကြပါဟ သွက်သွက်.. မှောင်တော့မယ်ဟ "
" လေပျိုနေပြီလား ဦးတင့်ရ "
" ငါလိုး... "
ဖိနပ်သမားတို့မည်သည် ညနေစောင်း အလုပ်သိမ်းပြီးလျှင်တော့ တစ်ခွက်တစ်ဖလား ကစ်တတ်ကြမြဲ။
" ကိုကြီး.. အောက်ပိတ်ရပြီ "
" ညီညီ မင်း ခွာလာသုတ်လိုက် "ဓိမိုင်းနောင်တို့ ညီအစ်ကိုနှစ်ယောက်၏ အသံတို့က တပြိုင်တည်း။ နှစ်ဦးသား ရယ်မိကြ၏။
" ငါ ဓားဆွဲစရာ ကုန်တော့မယ်ဟေ့ "
" ရပြီ ရပြီ "
" ငပြူးရေ... ပေါလစ် ပွတ်စရာတွေ ပုံနေပြီနော် "
" ခဏလေး ခဏလေး... လာခဲ့မယ်... တံဆိပ်ကပ်လက်စမို့လို့ "
" ကိုဖိုးအေး.. ကျွန်တော် ကြိုးတွဲပြီးပြီ၊ စည်းလို့ရပြီ "
" အေး.. မင်း ဂျပ်ဖာ ပြင်ထားလိုက်တော့ "
" ဟာ.. ဟိတ်ကောင် ဘူကြီး..! ဘူမနေနဲ့ဟ.. လက်ကို မော်တာတပ်ထား "
မနက် အထူးကားနှင့် ရန်ကုန် တင်ပို့ရမည့် ဖိနပ်များကို ဒရောသောပါး အပြီးသတ်နေကြခြင်းဖြစ်သည်။ အလုပ်သမားများ အော်သံပြောသံများကြောင့် ဓိမိုင်းနောင်တို့ တစ်အိမ်လုံး ပွက်လောရိုက်နေ၏။
" နောင်နောင် "
" ဗျာ အဖေ "
" မင်းအမေဆီက ပိုက်ဆံတောင်းပြီး တစ်ခုခု သွားဝယ်ချေ "
" ငါတို့ဖို့လား ကုလား... မဝယ်မနေပါနဲ့ "
" မဝယ်နေပါနဲ့ ပြောရမှာ မဟုတ်ဘူးလား ဦးတင့်ရ "