၁၃။ နွေးထွေးမှုအသိုက်အမြုံ

34 4 0
                                    

ပတ္တမြားပြဿနာ ဖြေခန်း

စာလုပ်မည် အတွေးဖြင့် မြန်မာစာစာအုပ် ဖွင့်လိုက်ချိန် မြင်လိုက်ရသော ခေါင်းစဥ်ကြောင့် လှုပ်ရှားမှုတို့ ခဏရပ်တန့်ကုန်၏။

စာမှာ သင်ရသည်က ဘုရားလောင်းပညာရှိ မဟော်သဓာ မဖြေရှင်းနိုင်သော ပြဿနာ မရှိ ဟူ၍။ သို့ဆိုလျှင် အံ့ထူးမော်၏ ရင်တွင်းပြဿနာကိုရော မဟော်သဓာ ဖြေရှင်းပေးနိုင်မည်လား သိချင်မိ၏။

ကိုယ်တိုင် ဖြေရှင်းလိုက်သည့် နည်းလမ်းကရော မှန်လား မှားလား မသိတော့။ စပြီးမှတော့ ဆုံးအောင် ကရမည်။

မဖြစ်သင့်သည်ကို သိနေသော်လည်း ခံစားချက်တို့က ထိန်းချုပ်ရ ခက်လွန်းသည်။ အတွေးထဲ အတင်းတိုးဝင်လာတတ်သော ပေါက်စနကောင်ကို အံ့ထူးမော် တကယ်မနိုင်တော့ပါ။ အချိန်တိုင်း ပေါက်စနကောင်ကိုပဲ တွေးနေမိသည့် ကိုယ့်ကိုယ်ကိုယ်လည်း လက်မခံချင်။

လက်မခံချင်လေလေ စိတ်စွဲလေလေပင်။ အိပ်မက်တွေ မက်ရလောက်သည်အထိဖြစ်လာသည်။ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက် ဟု ဆိုရအောင်ကလည်း ညတိုင်းလိုလို မက်နေတော့၏။ အိပ်မက်ထဲ၌လည်း နှုတ်ခမ်းပါးရဲရဲကလေးနှင့် ထိုနှုတ်ခမ်းရဲလေး၏ ညာဘက်ထောင့်နားရှိ မှဲ့နက်ကလေးကသာ စိုးမိုးသည်။

" ဟာကွာ...! "

စိတ်ရှုပ်ရှုပ်ဖြင့် ဆံပင်တို့ ဆွဲဖွာပစ်လိုက်၏။

" မတွေးမိအောင် နေနေပါတယ်ဆိုမှ "

ဒီဇင်ဘာကျောင်းပိတ်ရက်များတွင် ဒီမျှထိ ယောင်လည်လည် ဖြစ်နေလိမ့်မည်ဟု အံ့ထူးမော် ကိုယ့်ကိုယ်ကိုယ် မထင်ခဲ့မိ။ ကျူရှင်ကလည်း တစ်အိမ်လုံး မေမြို့ သွားကြ၍ ပိတ်ပေးထားသည်။

အရင်ကဆိုလျှင် ကျောင်းပိတ်ရက် ကျူရှင်ပိတ်ရက်များက အံ့ထူးမော် အကြိုက်ပင်။ ခုတော့ လူက ယောင်နေ၏။ ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ဒီနေ့က ပိုဆိုးသည်။ လပြည့်ဥပုသ်ဖြစ်နေ၍ အိမ်က အလုပ်ကလည်း နားသည်။ ပိုယောင်တော့၏။ စာလုပ်မည်ဟု အာရုံစိုက်နေပြန်တော့လည်း မရ။ တွေးမိပြန်သည်။

တွေးမိလျှင် အတွေးစက ပြတ်တော့မည် မဟုတ်။ အံ့ထူးမော် ကိုယ့်အကြောင်းကိုယ် သိသည်။ ထို့ကြောင့် စိတ်ပြေလက်ပျောက် ဝရန်တာဘက် ထထွက်လာခဲ့၏။

The Last BreathWo Geschichten leben. Entdecke jetzt