၅။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု

63 4 22
                                    

" ဂျစ် ဂျစ်.. ဂျစ် ဂျစ်.. သံဃာအုံကြွမှု ဟု.. ကျီ.!!!!!!!! အကြမ်း.. ဂျစ် ဂျစ်.. ဖမ်းဆီး.. ကျီ.!!!!!!!! ထိခိုက်ဒဏ်ရာ.. ဂျစ် ဂျစ် ဂျစ်... ဂျောက်..! "

လိုင်းမိတစ်ချက် မမိတစ်ချက် ရေဒီယိုက ခလုတ်ပိတ်ခြင်း ခံလိုက်ရသည်။

ပိတ်ခြင်းအမှု ပြုသော လက်ညှိုးကလေးမှာ သွယ်လျလျ။ လက်ညှိုးကလေးမှတစ်ဆင့် အကြည့်တက်လိုက်လျှင် ဖွေးမွှတ်မွှတ်လက်ဖမိုးပေါ်၌ သွေးကြောဖောင်းဖောင်းတို့က စိမ်းမြမြယှက်ဖြာနေသည်ကို မြင်ရပေမည်။ ထိုသို့ သွေးကြောစိမ်းတို့ကို မြင်ရလောက်သော အသားအရည်မှာ ဖြူလွှနေသည့်အပြင် နှင်းဆီနီရောင် ခပ်ဖျော့ဖျော့လေးကလည်း ယှက်ပြေးနေသေးသည်။

ရေဒီယို ပိတ်လိုက်သည့် လက်ညှိုးကလေးက မြောက်တက်သွားပြီး မထူမပါးမျက်ခုံးတန်းကို ကုတ်သည်။

မျက်တောင်ညွှတ်ညွှတ်ကလေးများက စိုက်ကျသွားပြီးနောက် သလင်းရောင်ကဲ့သို့ ကြည်စင်စင် မျက်ဝန်းတစ်စုံကို ခေတ္တခဏ ပိတ်ကာပစ်၏။ နှာရိုးတစ်လျှောက်ကလည်း အဖုအထစ် မရှိ။ ဖြောင့်စင်းလို့နေသည်။

နှာရိုးတစ်ဖက်တစ်ချက်ရှိ ပါးပြင်တို့ကလည်း လက်ဖမိုးလေးအတိုင်းပင် နှင်းဆီနီရောင် ယှက်ပြေးနေ၏။

ထိုသို့သော ဖြစ်တည်မှုများအားလုံးကို ဘောင်ခတ်ထားသည့် လေးထောင့်ဆန်ဆန် မေးရိုးတို့မှာ ယောက်ျားပီသကြောင်း ထောက်ခံနေလေသည်။

ထိုယောက်ျားသည် နံ့သာရောင် ရှပ်လက်ရှည်၏အပေါ်၌ ချမ်းစိမ်းစိမ့် ရာသီဥတုကို အံတုနိုင်စေရန် ရှားညိုရောင် ဝစ်စကုပ်ကိုပါ ထပ်ဝတ်ထား၏။ ထိုယောက်ျား၏ ခါးပေါ်၌လည်း အညိုရောင် ပုဆိုးကွက်စိပ်က ကျစ်လျစ်စွာ နေရာယူလို့ထားသည်။

ဝတ်ထားသည့် အရောင်မှိုင်းမှိုင်းတို့မှာ ပတ်ဝန်းကျင်ရာသီဥတုနှင့်ပင် လိုက်ဖက်နေသယောင်။

" ဘယ်လိုလဲဗျ.. ဆရာတို့လူတွေက.. ဟိုကွေ့တုန်းကလည်း ဒီတက်ပဲ.. ဒီကွေ့ကျတော့လည်း ဒီတက်ပဲလားဗျ ဟင် "

ကြည်သာချိုမြပြီး မဆိုစလောက်လေး ဝဲနေသော စကားလုံးတို့ ထွက်ကျလာသည့် နှုတ်ခမ်းပါးရဲရဲလေး။ မျက်ခုံးပင့်ရင်း မှဲ့နက်ကလေးရှိသည့် နှုတ်ခမ်းဘယ်ဘက်တစ်ခြမ်းတည်း လွန့်တက်ပြလိုက်ပုံကြောင့် မီးလင်းဖို ရှေ့ရှိ ဆက်တီခုံများ၌ ထိုင်နေ​ကြသော လူတစ်စု၏ အမူအရာမှာ မလုံမလဲ။ အချင်းချင်း အကြည့်ချင်းသာ ဖလှယ်ကြသည်။

The Last Breathजहाँ कहानियाँ रहती हैं। अभी खोजें