၂။ ပြုသူ အသစ်၊ ဖြစ်သူ အဟောင်း

51 4 13
                                    

" နိုင်နိုင်ရေ... "

" ငါတို့ကို ဘုရားပန်းအိုးလေး တင်ပေးပါဦး "

ခက်ဆစ်များ ပြန်နွှေးနေစဥ် လှမ်းအော်လာသော နွယ်တာနှင့် ထနောင်းဦး။

ဘုရားစင်က ခပ်မြင့်မြင့်၌ ရှိနေသည့်အပြင် သူတို့နှစ်ယောက်အရပ်မှာ လေးပေသာသာ ဖြစ်နေ၍ နိုင်သတိုးအား အကူအညီ လှမ်းတောင်းနေခြင်း။ ထိုနှစ်ယောက်က အသင်းမတူလည်း ဘုရားပန်းအိုးတင်ချိန်တိုင်း နိုင်သတိုးကိုသာ အော်ခေါ်တတ်ကြစမြဲ။ ဒီတစ်ပတ်လည်း ဘုရားပန်းက ဘယ်လိုပုံစံ ဖြစ်နေဦးမည် မသိ။

ဆရာမထိုင်ခုံပေါ် ဖိနပ်ချွတ် တက်လိုက်ပြီးနောက် လှမ်းပေးလာသည့် ပန်းအိုးကို ကြည့်လိုက်ချိန် ရယ်ပင် ရယ်မိသွား၏။

ကြေးပန်းအိုးနှုတ်ခမ်းအဝမှာပင် အဝါရောင်ဂန္ဓမာပန်းပွင့်များက မေးတင်နေလေသည်။ ရိုးတံစိမ်းစိမ်း အရွက်စိမ်းစိမ်းတို့ကို မမြင်ရ။ ထို့ထက် ဆိုးသည်က ပန်းတစ်စည်းလုံး စုပြုံထိုးထည့်လာပုံပင်။ ပန်းပွင့်များက ပြွတ်သိပ်ကာ ပြည့်ကျပ်နေလေသည်။

" ဘုရားပန်းကို နှီးမဖြည်ဘဲ ဒီတိုင်းထိုးလာကြတာလား.. နင်တို့ဟာကလည်း.. ပန်းအရိုးကို ဘာလို့အဲ့လောက်တိုအောင် ချိုးလာကြတာတုန်း၊ တစ်ပတ်တစ်မျိုး မရိုးရပါလားဟာ... "

" နင့်ကို ငါ ပြောသားပဲ၊ တိုသွားပါပြီဆိုတာကို "

" မသိတော့ဘူးဟာ.. ဒီတိုင်းတင်လိုက်တော့ "

နှစ်ယောက်သား မျက်နှာများ ရှုံ့မဲ့ကာ ခေါင်းကုတ်နေကြသည်။ သူတို့မှာ အပတ်တိုင်း အသင်းနေ့ဆိုလျှင် ဘုရားပန်းလဲတိုင်း အမြဲတလွဲဖြစ်မြဲ။ ပန်းအရိုးမချိုးဘဲ ရှည်မျောမျောနှင့် ဖြစ်လို့ ဖြစ်၊ နှီးမဖြည်ဘဲ အစည်းလိုက် ထိုးထည့်လာသည်က တစ်မျိုး၊ အရွက်တွေ အကုန်ခြွေပစ်ပြီး အပွင့်ချည်းလည်း ထိုးလာတတ်သေးသည်။ ဘုရားပန်း မထိုးတတ်ပုံကို ကြည့်လျှင် အန်တီမိုးနှင့် အန်တီစန္ဒာတို့ကို အိမ်မှာ ဝိုင်းမကူကြသည်မှာ သေချာသည်။

" ဘယ်လိုလုပ် ကြည့်ကောင်းမလဲဟ၊ ပန်းတွေက ပုတိုလေးတွေဟာကို "

The Last BreathWhere stories live. Discover now