၁၂။ မေတ္တာနှင့်အတ္တ

35 3 0
                                    

၂၀၀၇ ဒီဇင်ဘာ ၁၀ ရက်။
၁၃၆၉ နတ်တော်လဆန်း ၁ ရက်။

မေမြို့ဆောင်းက စိမ့်အေးလွန်းလှ၏။

ရေစက်လက်နှင့် ခန္ဓာကိုယ်အား ဖျင်တဘက်ကြမ်းဖြင့် သုတ်နေစဥ် ခေါပုတ်မီးကင် ရနံ့သင်းသင်းက မွှေးပျံ့လာသည်။ ခြံထဲ၌ ဗိုလ်ကျော်ခိုင်တစ်ယောက် ခေါပုတ်တစ်ဗန်းဖြင့် အလုပ်ရှုပ်နေလောက်ပြီ။

စဝ်ဆိုင်လျန်းဖ အဝတ်လဲရတော့၏။ မိမိအတွက် လုပ်ပေးသောပွဲကို မိမိက နောက်ကျနေ၍ မဖြစ်ချေ။ မဝတ်ဖြစ်တာ ကြာနေသည့် ခိူဝ်းတိုင်း/ခိုတိုင်း/ ဝတ်ရတော့မည်ဖြစ်၍ အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်။

မြင်းခေါင်းတံဆိပ် စွပ်ကျယ်ချိုင်းပြတ်အပေါ်၌ လည်ကတုံး အဖြူရောင်ရှပ်လက်ရှည်ကို ထပ်ဝတ်ပြီး အိမ်နေရင်း ပုဆိုးကို ဆင်စွယ်ရောင်ပိုးသား သျှမ်းဘောင်းဘီအပွနှင့် လဲဝတ်လိုက်သည်။ ရှပ်အင်္ကျီကို လည်ပင်းသီးထိ ကြယ်သီးအစုံတပ်ပြီး ဘောင်းဘီထဲ ထည့်ကာ ဘောင်းဘီ၏ အပေါ်အနားစနှစ်ဘက်ကို ပုဆိုးဝတ်သကဲ့သို့ ဘယ်ညာ အပြန်အလှန် ဖုံးလိုက်၏။ သျှမ်းဘောင်းဘီမှာ ပုဆိုးကဲ့သို့ ခါးနားတစ်ဝိုက်ထိတင် ရှည်သည် မဟုတ်။ ခါးအပေါ်ဘက်ထိ အနည်းငယ် ရှည်သည်။

ထို့ကြောင့် ဘောင်းဘီအပေါ်မှနေ၍ ဆင်စွယ်ရောင် ခါးစည်းပဝါကို ခါးပတ်သဘောမျိုး ပတ်ချည်ကာ ညာဘက်၌ တစ်စတိုရှည်အနေအထားဖြင့် ချထားလိုက်သည်။ ပြီးမှ အထက်သို့ ရှည်တက်နေသည့် ဘောင်းဘီစဖြင့် ထိုခါးစည်းကို ပြန်ဖုံးလိုက်သည်။ ထိုအခါ ညာဘက်ချထားသည့် ပဝါစကိုသာ မြင်ရတော့ပြီး ခါး၌ ပတ်ချည်ထားသည်မှာ မပေါ်တော့သလို အလွယ်တကူလည်း ကျွတ်မကျနိုင်တော့ပေ။

ကုတင်ပေါ်ရှိ အင်္ကျီကို ဖြန့်ကြည့်လိုက်သည်။ ဆင်စွယ်ရောင် ရင်ခွဲတိုက်ပုံ လက်ရှည်ကိုမှ လက်အဖျား၌ ငွေမှင်ရောင် ကနုတ်များ ရက်ဖောက်ထားသည်။ စဝ်ဆိုင်လျန်းဖ ပြုံးမိ၏။ မိမိအကြိုက် ချုပ်ပေးသည့် လဲချားက အမေ့ကိုလည်း စိတ်မှန်းဖြင့် ကျေးဇူးလှမ်းတင်ရသည်။

ထို့နောက် တိုက်ပုံကို ရှပ်အင်္ကျီပေါ်မှ ထပ်ဝတ်လိုက်၏။

The Last BreathWhere stories live. Discover now