အခန်း ၂

1.2K 81 0
                                    

ဆရာမက တစ်ချက်ရယ်လိုက်သည်။ ထို့နောက်
" အမျိုးသမီးတစ်ယောက်ကိုတွေ့တွေ့ချင်းအသက်မမေးရဘူးလေကွယ်" ဒေါ်စန္ဒကူးဆီမှအသံချိုချိုအေးအေးက ရယ်သံသဲ့သဲ့နဲ့အတူလွင့်စင်လာသည်။ လရောင် ထိုဆရာမကိုကြည့်ပြီးတွေးလိုက်မိသည်။
"လှလိုက်တာ" အသံတိုးတိုးလျလျက စိတ်ထဲမှာမနေဘဲ နှုတ်မှပွင့်ဟသွားတော့ ဆရာမကိုစိတ်ဝင်တစားကြည့်နေတဲ့ မေမှူးသခင်က သူမဘက်ကိုလှည့်ကြည့်ပြီးနောက် ဘာမှန်းမသိသည့်အပြုံးတစ်ခုပြုံးကာ တစ်ဘက်သို့ပြန်လှည့်သွားသည်။ ပြည့်ဝတီဆီမှအသံထပ်ထွက်လာသည်။
"ဟို.. ဆရာမ တောင်းပန်ပါတယ်နော်၊ ဆရာမက အရမ်းလှလို့ သမီးမေးလိုက်မိတာပါ" မျက်နှာငယ်လေးဖြင့်ပြောသော သူမကို လရောင်နွေးငေးကြည့်နေသည်။

"အို၊ အမှားမလုပ်ဘဲ မတောင်းပန်ပါနဲ့သမီး၊
တီချယ်က စတာပါ တီချယ့်အသက်က ၃၀ နှစ်ပြည့်ပြီးပါပြီရှင်" ဒေါ်စန္ဒကူးကပြုံးလျက်ပြောတော့ ပြည့်ဝတီတင်မက တစ်တန်းလုံးအံ့သြသွားကြသည်မှာဖုံးဖိမရ။

"တီချယ်ကတော်တော်နုတာပဲ" ကျောင်းသားများစွာ၏ပြောစကားက ထိုတစ်ခုသာဖြစ်နေသည်မှာ တိုင်ပင်ထားစရာမလိုပေ။ ဆရာမကို ကြည့်လျှင် ၂၀ကျော်ဟုသာထင်ရပေမည်။ အသက်သာမမေးကြည့်လျှင် ဆရာမကို ထိုသို့ပင်ထင်နေမိကြမှာဖြစ်သည်။

"ပြီးတော့ တီချယ် တစ်ခုပြောမယ်နော်၊ ကိုယ်က အမှားမလုပ်ထားဘဲ တစ်ချိန်လုံးတောင်းပန်စကားမပြောနဲ့၊ တီချယ်မကြိုက်ဘူး၊ အမှားလုပ်မိရင်လည်း တီချယ့်ကိုမှန်ကန်တဲ့ဖြေရှင်းချက်သာပေး၊ တီချယ်က ခွင့်လွှတ်သင့်လား၊မသင့်ဘူးလား ဆုံးဖြတ်မယ်၊ ကြားလား ကလေးတို့" သူမဆီမှထိုစကားထွက်လာတော့ ကလေးများအနည်းငယ်ရှိန်သွားပုံရသည်။ မှန်သည်လေ၊ အမှားမလုပ်ထားဘဲ ထစ်ခနဲရှိတောင်းပန်နေတာမျိုးသူမ မကြိုက်ပါ၊ အမှားလုပ်ထားရင်ရော တောင်းပန်ပါတယ်ဆိုတာနဲ့ကျေနပ်ရမည်လား။
လရောင်လည်း ဆရာမ၏စကားကြောင့်ဆရာမကိုအနည်းငယ်ကြောက်သွားမိသည်။ နောက်ပိုင်းတွင် မည်မျှကြောက်ရလိမ့်မည်ဆိုတာကိုတော့ သူမမခန့်မှန်းရဲပေ။

"ကဲ ဆရာမ နာမည်ခေါ်မယ်၊ ရှိရင်ရှိပါတယ်အော်နော် ကြားလား ကလေးတို့" သူမက နာမည်စာရင်းစာရွက်ကိုလှန်လှောရင်းပြောလိုက်သည်။
"စိုင်းမောင်"
"ရှိပါတယ် ဆရာမ"
"ပြည့်လျှံ" 
"ရှိပါတယ် ဆရာမ"
"ဘုန်းခန့်လင်း"
"ရှိပါတယ် ဆရာမ"
"..."
"..."
ဤသို့နာမည်ခေါ်လာရင်းဖြင့် ယောကျာ်းလေးတွေနာမည်ပြီးဆုံးသွားသည်။ ဆရာမကတော့ မောသွားဟန်ဖြင့် သူမခြင်းတောင်းထဲမှာရေဘူးကိုဖွင့်ကာ မော့သောက်လိုက်သည်။ ထို့နောက် မိန်းကလေးတွေအလှည့်ပြန်ရောက်လာသည်။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Unde poveștirile trăiesc. Descoperă acum