အခန်း ၁၀

1K 84 8
                                    

ဖုန်းပြောနိုင်သည့်အင်အားမရှိသဖြင့် လာသမျှဖုန်းကိုမေမေသာကိုင်သည်။ မေမှူးတို့ကျော့နဒီတို့က စာတွေကူးထားပေးသည်ဟုဆိုသည်။ ညနေကျလျှင် အကုန်လာကြည့်ကြမည်တဲ့။မေမေကပြန်ပြောပြသည်။ တီချယ်ရော အဆင်ပြေရဲ့လားလို့မေးချင်ပေမယ့်၊ တီချယ်က အဆင်ပြေမှာပါလေ။ယခုတော့ သူမလည်းထူထူထောင်ထောင်ရှိလာပြီဖြစ်သည်။ မနက်ဖြန်တော့ကျောင်းပြန်တက်လို့ရလောက်ပြီ။ ညနေဘက်တွင် အိမ်ရှေ့မှ ကျော့နဒီ၏တကြော်ကြော်အော်သံကိုကြားရသဖြင့် သူငယ်ချင်းတွေရောက်လာကြပြီဟုသိလိုက်သည်။ လဲလျောင်းနေရာမှ ကုတင်ကိုမှီထားလိုက်ပြီး သက်သောင့်သက်သာဖြစ်မည့်အနေအထားပြောင်းလိုက်သည်။ အခန်းထဲကို တံခါးခေါက်ပြီးဝင်လာကြသော မေမှူး၊ ကျော့နဒီ၊ ပြည့်လျှံနှင့် စိုင်းမောင်တို့ကို သူမပြုံးပြလိုက်သည်။

"ရော့ ငါတို့နင့်အတွက် စာကူးပေးထားတယ်"
သူမလှမ်းယူလိုက်ပြီး ခုံပေါ်တင်လိုက်သည်။

"အေး ကျေးဇူးပါပဲဟာ"

"နင်ကလည်းဟယ် အချင်းချင်းတွေကို"
ကျော့နဒီက သူမကိုမျက်စောင်းပစ်ကာ ပြောတော့ သူမသဘောကျစွာရယ်လိုက်သည်။ သူငယ်ချင်းဆိုတဲ့ ပျော်ရွှင်စရာရပ်ဝန်းလေးတွေက သူမကိုအမြဲအားဖြစ်စေသည်လေ။

"ကျောင်းမှာ ဘာတွေထူးသေးလဲ"
တီချယ့်အကြောင်းသိချင်တာလည်း ပါသဖြင့် ကွေ့ဝိုက်မေးလိုက်သည်။

"ဘာမှတော့မထူးပါဘူး၊ တီချယ် စန္ဒကူးကတော့ ရည်းစားမထားကြဖို့ပဲ အတွင်တွင်ပြောနေတော့တာပဲ၊ မိရင်အသေပဲဆိုပြီး ကြိမ်းနေလိုက်တာများ၊ ငါ့မှာ မရှိတဲ့ရည်းစားတောင် မိသွားမှာကြောက်တယ်"
သူမအကြောင်းသိနေသည့်အလား မေမှူးကတော့ တီချယ့်အကြောင်းသာပြောလေသည်။မေမှူးက ပြောတော့ အကုန်​လုံးထရယ်ကြသည်။

"အေး ပြီးတော့ တီချယ့်ကြည့်ရတာလည်း တစ်ရက်မှ စိတ်ကြည်ပုံမပေါ်ဘူး၊ စာသင်နေရင်းလည်း ကိုခန့်ဆိုလား ဘာဆိုလားက ဖုန်းဆက်တာနေ့တိုင်းပဲ"
သည်တစ်ခါဝင်ပြောသည်မှာကတော့ ပြည့်လျှံဖြစ်သည်။ ကျော့နဒီက တံတောင်ဖြင့်လှမ်းတွတ်တော့ သူကဘာလဲဟုမျက်လုံးပြူးပြသည်။ လရောင်ကတော့ သြော် ဟုသာအသံထွက်နိုင်သည်။ သေချာပေါက် တီချယ့်ကိုငိုအောင်လုပ်တဲ့ လရောင်ထက်တော့ အဲ့လူကတီချယ့်အတွက်ပိုအဆင်ပြေမှာပါ။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now