Part 9💛

1.7K 145 7
                                    

ဥသြ ထမင်းနှစ်ပန်းကန်အား ယူလာသည်။ ပူပူနွေးနွေး ထမင်းတစ်ပန်းကန်ကို မဟာ့ ရှေ့ချပေးသည်။ မလုပ်စဖူး အလုပ်ထူး ဥသြ လုပ်ရပ်ကြောင့် မဟာ အံသြသွားသည်။

"ကြည့်စမ်းပါအုံး ဆရာ့ တပည့်လေး လိမ်မာနေတာ။''

ဥသြ က မျက်နှာသေနှင့် မဟာ့ အားကြည့်လိုက်သည်။ ထို့​နောက် အိမ်ထဲပြန်ဝင်သွားပြီး လင်ဗန်းခပ်ကြီးကြီးပေါ် ဟင်းတွေတင်ကာယူလာရင်း ပြန်ရောက်လာသည်။

လင်ဗန်းပေါ်ပါလာသမျှ ဟင်းတွေကြောင့် မဟာ တံတွေးမျိုချမိသွားသည်။ အရာအားလုံး နီရဲနေကာ ငရုတ်သီးအစိမ်းများနှင့် အနီများရောနေသည်။ ငပိရည် နှင့် ငပိထောင်းတို့ပေါ်တွင်လည်း အိမ်လုပ် ငရုတ်သီးမှုန့်များ ဝေ့ဝဲကာတက်နေသည်။

"ရော့ ဒါ မေမေ ခုမှလှော်ထားတဲ့ငရုတ်သီးကြော်။''

ဟင်းရည်ခပ်တစ်ဇွန်းစာလောက်ရှိတဲ့ ဇွန်းကြီးနဲ့ခပ်ကာ မဟာ့ ထမင်းပန်းကန်ထဲ ဥသြ ထည့်လိုက်သည်။

"ဒါက အိမ်လုပ်ငပိရည်။ ဒါက ခြံထဲစိုက်ထားတဲ့ ငရုတ်ပွအစပ်ကြော်။ ဒါ အဖေ ကိုယ်တိုင်ငါးဖမ်းပြီး အမေကိုယ်တိုင် လုပ်ပေးထားတဲ့ ငပိ။ ဒါလေးက ပုစွန်ခြောက်ပါတဲ့ ငပိကြော်။''

ဥသြ ရဲ့ စေတနာများနှင့်ထည့်ပေးထားသည်များက မဟာ့ ပန်းကန်ထဲ ရဲရဲနီကာ ထမင်းဖြူများပင် မမြင်ရတော့သည်အထိ။ စားပင်မစားရသေး အနံ့နဲ့တင် မဟာ စပ်နေလေပြီ။ မျက်လုံးစပ်ဖျင်းဖျင်းနှင့် မျက်ရည်ပင်ကျလုနီး။

"စားလေ။''

ဥသြ က ခွံ့ကာကျွေးသည်။ ရှေ့မှ ဝင့်ဝါ နဲ့ ရွှေရည် တို့က သူတို့နှစ်ယောက် ဘာလုပ်နေသည်ဆိုတာကို နားလည်ရန်ကြိုးစားရင်း ကြည့်နေကြသည်။ မဟာ မှာ ပါးစပ်ပဲဟကာ ဥသြ ခွင့်ကျွေးသည်ကိုစားရမလို၊ နောက်တစ်ကြိမ် မရနိုင်မည့် ဥသြ ခွင့်ကျွေးသည်ကို ငြင်းရမလို၊ ဗျာများနေတော့သည်။

"အဲ့မှာ မစားနဲ့။''

ဥသြ က စိတ်ဆိုးသွားသလို ကိုင်ထားသည့် ဇွန်းအား ပန်းကန်ထဲပစ်ချကာ ဆတ်ခနဲထပြီး လှည့်ထွက်သွားသည်။

"ဟာ ဥသြ။ နွေဥသြ။ စိတ်မဆိုးပါနဲ့။ ဥသြ။''

မဟာ က နောက်မှာကျန်ခဲ့သည့် ဝင့်ဝါ နဲ့ ရွှေရည် တို့ကို တစ်ချက်မှပင် လှည့်မကြည့်ဘဲ၊ ဥသြ နောက် ပြေးလိုက်သွားသည်။ ကျန်ခဲ့သည့် သူမတို့နှစ်ယောက်က အူကြောင်ကြောင်နှင့်။ ရှေ့မှ ငရုတ်သီးပန်းကန်များအား ကြည့်ပြီး ကြက်သီးထမိသည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now