အခန်း (၂)

3.2K 304 13
                                    

အခန်း ၂

မြူတေး ခုနှစ်တန်း နှစ်အထိ ဦးကျော်ညိုလင်း၊ဒေါ်တေးမြိုင် နဲ့ မြူတေးတို့ မိသားစု သုံးဦး တစ်ရက် တစ်နေ့မှ မခွဲခွာပဲ အတူတူနေလာခဲ့ကြတယ်။ ဦးကျော်ညိုလင်းရဲ့ လုံလောက်တဲ့ ဝင်ငွေ တစ်ခုနဲ့ မြူတေးတို့မိသားစု မချမ်းသာပေမယ့် တင့်တောင့်တင့်တယ် နေနိုင်ခဲ့တယ်။မနက်ဆို ဒေါ်တေးမြိုင်က ဦးကျော်ညိုလင်းနဲ့ မြူတေးတို့ အတွက် ထမင်းချိုင့် အဆင်သင့် ပြင်ဆင်ထားပေးတယ်။ ဦးကျော်ညိုလင်းက ရုံးသွား၊မြူတေးက ကျောင်းသွားပေါ့။ အိမ်မှုကိစ္စကို ဘာတစ်ခုမှ မလစ်ဟင်းစေပဲ တစ်နေ့တာကို ဖြတ်သန်း ကုန်ဆုံးတယ်။

အိမ်မှုကိစ္စလုပ်စရာ မရှိလို့ အားတဲ့အချိန်မှာ ဒေါ်တေးမြိုင် တစိုက်မတ်မတ် လုပ်လေ့ရှိတာကတော့ စာဖတ်တာပါပဲ။ ဒီလိုပုံစံနဲ့ ဒေါ်တေးမြိုင်ဟာ သူမ ဘဝရဲ့ အချိန်များစွာကို နေ့စဥ် ကျော်ဖြတ်ခဲ့တယ်။ သူမရဲ့ ပျော်ရွှင်ပုံ မရှိသလို ပူလောင်ပုံလည်း မရှိတဲ့ နေ့ရက်များစွာကို ​မြူတေးတို့ သားအဖ အလွတ်ရလာခဲ့တာ မြူတေးရဲ့ အသက်တရှိပဲ။ ဒေါ်တေးမြိုင်ရဲ့ နေ့ရက်တွေဟာ အတက်အကျ နည်းတယ်။ ပြင်းထန်တဲ့ စိတ်အာရုံ ပြောင်းလဲမှုတွေလည်း မရှိသလောက်ကို ရှားပါတယ်။

မြူတေးစိတ်ထဲ ဒေါ်တေးမြိုင်နဲ့ ပတ်သက်လို့ စွဲစွဲမြဲမြဲ ရှိပြီး ဘယ်တုန်းကမှ ထုတ်မပြောဖူးတာတစ်ခု ရှိတယ်။ မေးလည်း မမေးခဲ့။အဲ့ဒါက မျက်ဝန်းတွေ။ ဒေါ်တေးမြိုင်ရဲ့ မျက်ဝန်းတွေ။ အတိအကျဆိုရရင် တချို့အချိန်တွေမှာ ဒေါ်တေးမြိုင်ရဲ့ မြူငွေ့လို တွေငေး၊ မှိုင်းပျ နေတတ်တဲ့ မျက်ဝန်းတွေရဲ့ အကြောင်းပါပဲ။

လွန်ခဲ့တဲ့နှစ်တွေက မြူတေး တစ်ကြိမ်တစ်ခါမှ မသိဖူးတဲ့ လူတစ်ယောက်က မြူတေးကို အမွေစား အမွေခံ မွေးစားခဲ့တယ်။ အမွေးစားခံရတယ် ဆိုတာက လွှဲပြီး သူမ ဘာမှမသိခဲ့ရဘူး။ သူမ မှတ်မိတာက ခုနှစ်တန်း နှစ် စာမေးပွဲနောက်ဆုံးနေ့။ စာမေးပွဲ ဖြေပြီး အိမ်ပြန်လာတဲ့ နေ့မှာ ဒေါ်တေးမြိုင် မြူ​တေးကို အလေးအနက် စကားတချို့ ပြောခဲ့တယ်။

ဒါဟာ မြူတေးက တခြားမိသားစုတစ်ခုရဲ့ တရားဝင် မိသားစုဝင်တစ်ယောက်ဖြစ်ရမယ် ဆိုတာပါပဲ။ ဒေါ်တေးမြိုင်နဲ့ ဦးကျော်ညိုလင်းဟာ သူတို့ရဲ့ တစ်ဦးတည်းသော သမီး ကို ကြည်ကြည်ဖြူဖြူ ၊ ကျေကျေနပ်နပ် နဲ့ တခြား အသိုက်အမြုံတစ်ခုဆီကို ပို့ခဲ့တယ်။ တခြား အသိုက်အမြုံ ဆိုပေမယ့် ကြီးကျယ်ခန်းနားလှတဲ့ အိမ်ကြီးဆီ စရောက်ကတည်းက မြူတေးဟာ အိမ်တော်ထိန်း တစ်ယောက်နဲ့ နေလာခဲ့ရတယ်။

ပန်း မြူ ရိပ် Where stories live. Discover now