အခန်း (၁၅)

991 94 6
                                    

အခန်း ၁၅

မြူတေးမောင်မောင်ကြောင့်တဲ့။ ကျွန်မ တွေ့ခွင့်ပြုလိုက်ရတာပေါ့။ နှစ်ပေါင်း ၂၀ အတွင်းမှာ အခုတစ်ကြိမ်ရောဆို နှစ်ကြိမ်မြောက် တွေ့ရမှာပေါ့။ ပထမတစ်ကြိမ်က မြူတေးမောင်မောင်ကို တရားဝင်မွေးစားဖို့ သွားတွေ့ခဲ့တုန်းက။ အခုတစ်ခါ တွေ့ရဖို့ အကြောင်းဖန်လာခဲ့ပြန်တယ်။တစ်ချိန်တုန်းက ငယ်ရွယ်နုပျိုစဥ်မှာ ပြတ်စဲလမ်းခွဲပြီးကတည်းက တေးမြိုင်ဆိုတဲ့ ဒီအမျိုးသမီး၊ ဒီလူတွေနဲ့ တွေ့ခဲ့ရတာမျိုး မရှိခဲ့တော့တာ။ ဘဝတွေ၊လမ်းတွေဟာ တစ်နေရာစီ၊တစ်ခုစီမဟုတ်လားလေ။

စာအုပ်ဆိုင်မှာ၊ မြူတေး ဘွဲ့ယူတဲ့နေ့မှာ စသဖြင့် ကြားထဲမှာ အမှတ်မထင် ဆုံခဲ့ရသမျှက ဆုံနေရက်နဲ့မတွေ့ ဆိုတာမျိုးလေ။ ရေချိုး၊မနက်စာစားပြီး အခန်းတစ်ခန်းထဲ ကျွန်မ ဝင်လာလိုက်တယ်။ဧည့်သည်လာရင် အဲ့ဒီ အခန်းထဲ လိုက်ပို့ပေးဖို့လည်း သူသူကို  မှာခဲ့တယ်။

ဒီအခန်းထဲကို ရောက်နေတော့ ထုံးစံအတိုင်း ပန်းခင်းကြီးကို ကျွန်မ တမျှော်တခေါ် ငေးနေမိတယ်။အခန်းက အမြဲတမ်း ရှင်းလင်း တောက်ပြောင်နေတတ်တဲ့အခန်းလေ။ mini bookshelf နဲ့ ထိုင်စရာ ဆိုဖာ တစ်ဆက်တင်ကလွဲလို့ ဘာ ပရိဘောဂမှ မထားရှိတဲ့အခန်း။ ပြတင်းပေါက်မှာတပ်ထားတဲ့ ခန်းစီးစလေးက သဘာဝအတိုင်း ခပ်သော့သော့တိုက်ခတ်နေတဲ့ လေပြေရဲ့ကျီစယ်မှုကြောင့် လွင့်လိုက်ငြိမ်လိုက် ဖြစ်နေတယ်။ ပန်းနက် ရဲ့ "ရင်ငွေ့မြိုင်နန်း" ဆိုတဲ့ စာအုပ်လေးကို ရောက်ချင်ရာ စာမျက်နှာရောက် ကျွန်မ ဖွင့်ဖတ်လိုက်မိတယ်။

"မြူသံလော၊လူသံလေလော။ ပိန်းပိတ်နေသည့် အလွှာထုကြီးကို ခွင်း၍ လွင့်လာသည်။ ထိုအခါမှ မတ်မတ်ရပ်နေသော အစွန်းတစ်နေရာ၏ဘေးတွင် ချောက် ဖြစ်ကြောင်း ထင်ရှားလာ၏။ ခြေကို မရွေ့ရဲ။ အသက်ကိုပင် မရှူတော့သည့်အလား မှင်သက်နေမိသည်။ပါးလျလာသော မြူထုထဲမှ ထင်ရှားပီပြင်လာသည့် အရာဝတ္ထု မှန်သမျှကို လိုက်လံရှာဖွေမိသည်။ ပန်းပွင့်လော၊သစ်ပင်လော။ သို့တည်းမဟုတ် မှတ်မိရန်ခက်ခဲသော အပြုံးတစ်ခုသည်လော။ ထိုစဥ်တွင် လူတစ်ယောက်၏ ပုံသဏ္ဍန်သည် ဝေဝါးစွာ ထင်လာလေ၏။ရှေ့တွင် ချောက်၊ နောက်တွင် ကံကြမ္မာ။ ဝါဂွမ်းကဲ့သို့ အိထွေးဖြူစင်သော ကံတရားငယ်ဆီကို လက်လှမ်းလိုက်မိသည်။ အိပ်မက်ပင်ဖြင့်လင့်ကစား မျှော်လင့်စိတ်ဝင်ရပြန်၏။ထို့နောက် မောလျသော မျက်လုံးများဖြင့် တစ်ကြိမ်သာ ကြည့်ပြီး ဥပေက္ခါ ထားရသည်။ "

ပန်း မြူ ရိပ် Where stories live. Discover now