အခန်း (၈)

1K 96 5
                                    

အခန်း ( ၈ )

ထူပူကျိန်းစပ်သွားတဲ့ ပါးပြင်ကို မြူတေးမောင်မောင် လက်နဲ့ အုပ်ကိုင်ထားလိုက်မိတယ်။ တစ်ဆက်တည်း ဘယ်ဘက်မျက်ဝန်းက ဝိုင်းပြည့်တက်လာတဲ့ မျက်ရည်ဥ ကြားမှ ထွက်ပြေးသွားတဲ့ ပုံရိပ်လေးကို ဝေဝေဝါးဝါးမြင်နေခဲ့ရတယ်။ လူက သိစိတ်နဲ့ တဒင်္ဂ အဆက်ပြတ်သွားသလိုပဲ။

ပါးတစ်ဖက်ဆီက စူးစူးရဲရဲ နာကျင်မှုတစ်ခုကသာ သိသိသာသာ ကြီးစိုးနေတယ်။ သူ့ခြေလက်တွေဟာ မလှုပ်မယှက် ငြိမ်သက်လို့။ သူ့တစ်ကိုယ်လုံး စိုရွှဲနေတဲ့
အတွက် အဝတ်အစားဆီက ရေတွေဟာ ရပ်နေတဲ့ ကျောက်ပြားပေါ်ကို တတောက်တောက်ကျဆင်းနေတယ်။

အမြင်အာရုံဟာ ဖြူဝင်းမွတ်တဲ့ ရင်ညွန့်ရေးရေးကလေးဆီမှာပဲ တဝဲဝဲ မြင်ယောင်နေမိတယ်။ လက်ရှိမှာ ဒေါသထွက်သွားသူကို ဒေါသနဲ့ ပြန်တုံ့ပြန်ချင်ပေမယ့် ကန္တာရအလယ်ခေါင်မှာ လမ်းပျောက်နေရင်း အိုအေစစ် ရေအိုင်ငယ်ကို တွေ့လိုက်ရတဲ့သူလို ငြိမ်ကျသွားတယ်။ လှိုက်ခါနေမိတယ်။ ဒူးထောက်ချလိုက်သလို အညံ့ခံ ပျော်ဝင်နေမိတယ်။ ဘယ်အရာကိုပါလဲ။ ကိုယ်တိုင်က မိန်းမသား တစ်ယောက် ဖြစ်နေရက်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လျှို့ဝှက်အပ်တဲ့ အလှတရားဟာ မြူတေးမောင်မောင်ရဲ့ စိတ်အာရုံတစ်ခုလုံးကို သိမ်းနုတ် ယူငင်သွားလေတယ်။

သူ့မျက်နှာက ရှက်စိတ်နဲ့ မယုံကြည်နိုင်တဲ့စိတ်ကြောင့် ခရမ်းချဥ်သီးလို နီစွေးနေမှာပဲ။ မမျှော်လင့်တာတွေဖြစ်ပျက်သွားပုံဟာ ရုတ်ချည်း ဆန်လွန်းတယ်။ အန်တီ ။ နှုတ်ကမဟုတ်ပဲ စိတ်က တိုးဖွဖွ ရေရွတ်မိတယ်။ တကယ်က သူ့ကို ပါးရိုက်သွားတာပါ။ အဲ့ဒီ နာကျင်မှုဟာ ပန်းပွင့်တွေနဲ့ ပွတ်တိုက်သွားသလို နူးညံတဲ့အထိအတွေ့သဖွယ် စွဲလန်းကျန်နေရစ်ခဲ့တယ်။

တကယ်က မြူတေးမောင်မောင် ရှက်ရွံမိတာပါ။ အဲ့ဒီ အရှက်တရားနောက်မှာ တစ်ဖက်သူကိုပဲ ပိုပြီး စာနာတွေး တွေးနေမိသလိုပဲ။ သေချာပါတယ် အန်တီရယ်။ ဒါဟာ အမျိုးသမီးတစ်ယောက်ဆီမှာ ညွှတ်ကျသွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်ခုန်ခြင်းပဲ ဖြစ်မှာပါ။ အန်တီကတော့ မုန်းတီးစွာ ရိုက်ချပစ်ခဲ့ပေမယ့် အဲ့ဒီ ပါးပြင်ပေါ်မှာ နှင်းစက်တွေ ပေကျံခဲ့တာပါ။ အန်တီ့ လက်ဖဝါးနုလေးထဲက ပြုတ်ကျကျန်ရစ်ခဲ့တဲ့ မမြင်နိုင်တဲ့ မှော်ဆန်မှုတွေဟာ စိတ်ကို လာပုတ်နိုးလိုက်သလိုပါပဲ။ အန်တီက မုန်းပေမယ့် မောင့် ခံစားမှုတွေကတော့ ရိုးသားစွာ ဆန့်ကျင်ဘက် လားရာဆီပဲ ဦးတည်နေတာပါ။

ပန်း မြူ ရိပ် Where stories live. Discover now