အပိုင်း(၁)

56.9K 2K 98
                                    


*ဒေါက် ဒေါက် ဒေါက်*

ရွှေစံအိမ်၏ အိမ်အကူမိန်းကလေးသည်
ပေါလစ်ရောင်ပြောင်နေသည့် သစ်သားတံခါးကြီးအား လုပ်ရိုးလုပ်စဉ်အတိုင်းပင် လက်ဆစ်ဖြင့်
သုံးခါခေါက်လိုက်သည်။

အခန်းတွင်းဆီမှ တုံ့ပြန်သံကို ခဏမျှ နားစွင့်နေမိပေမဲ့
တိတ်ဆိတ်နေသည့်အဆုံး လက်ထဲမှ ထမင်းပန်းကန် ၊
ဟင်းပန်းကန်တို့ထည့်ထားသည့် ဗန်း အား အခန်းရှေ့မှ
စားပွဲခုံပုပေါ်တွင်တင်ပေးခဲ့လိုက်၏။

ထို့နောက်တွင်တော့

" အစ်ကိုလေး ပုံ့ပုံ့ နေ့လယ်စာ ထားခဲ့ပါပြီ"

အခန်းသည် ပကတိတိတ်ဆိတ်နေဆဲ။

ပုံ့ပုံ့သည်လည်း အစ်ကိုလေးနေသည့်
တစ်ထပ်တိုက်လေးအတွင်းမှ ထွက်လာကာ
အိမ်မကြီး ဘက်ဆီသို့ လျှောက်လာခဲ့လိုက်၏။

ရွှေစံအိမ်သည် သစ်ပင်ပန်းမန်ပေါင်းစုံ စိုက်ပျိုးထားသည့်
ပျိုးဥယျာဉ်ပါသော ခြံကျယ်ဝန်းကျယ်နှင့်
အိမ်ကြီးပင် ဖြစ်၏။ ခြံဝင်းကျယ် အတွင်းတွင်
အိမ်မကြီးဖြစ်သည့် အဖြူနဲ့ရွှေရောင်ကို စပ်ထားသည့်
သုံးထပ်တိုက်ကြီးတစ်လုံး၊ပုံ့ပုံ့တို့နေသည့်
အလုပ်သမားတန်းလျားနှင့် ၊ကားဂိုဒေါင် ၊
ထို့နောက် ယခု ပုံ့ပုံ့ထွက်လာခဲ့သည့် ၊
ရွှေစံအိမ်မှ သားဖြစ်သူ နေသော
တစ်ထပ်တိုက်တစ်လုံး စသည်တို့ကို နေရာတကျဖြင့်
ခမ်းခမ်းနားနားဆောက်ထားသည်။

ညရောက်လျှင် တစ်ခြံလုံး မီးဝါဝါတွေထွန်းထားတတ်ပြီး
ခြံကြီး၏ အလယ်ဗဟိုတွင် ရေများတသွင်သွင်
စီးကျနေတတ်သည့် ရေတံခွန်အတုကြီးရှိသော
ရွှေစံအိမ်ကြီး၏ ခမ်းနားထည်ဝါမှု တွေကို
ရောက်စကဖြင့် ပုံ့ပုံ့မှာ ရင်သပ်ရှုမောဖြစ်ခဲ့ရသည့်
မဟုတ်လား။

လေအဝေ့တွင် ပန်းရနံ့တို့ သင်းနေတတ်သောရွှေစံအိမ်၊
တန်ဖိုးကြီးပစ္စည်းတို့ဖြင့် မက်မောဖွယ်ကောင်းလှပါသည့်
ရွှေစံအိမ်၊ပတ်ဝန်းကျင်နဲ့မရောနှောဘဲ
ကိန်းကြီးခမ်းကြီးနိုင်ကာ တသီးသသန့် ရှိနေတတ်ပါသော ရွှေစံအိမ်သည် ပုံ့ပုံ့အမြင်တွင်တော့ တစ်ခါတလေတွင်
ပျင်းစရာကောင်းလွန်းလှသည်။

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now