အပိုင်း(၂၈)

15.2K 1.4K 138
                                    


"မင်းဒီလိုတောင်းဆိုစရာမလိုပါဘူး။
အစ်မ မင်းနဲ့ လက်ထပ်ဖို့ ကိစ္စကို ဖျက်သိမ်းပေးမှာပါ။
ဒါပေမဲ့ ဒါက မင်းကြောင့် မဟုတ်ဘဲ နှိုင်းဇေနဲ့ အစ်မရဲ့သိက္ခာကြောင့်ပဲ ကိန်းခေတ်"

မေထည်ဝါက တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်သည်။
ကိန်းခေတ်သည် ခေါင်းတစ်ချက်သာညိတ်ပြပြီး
steak ပန်းကန်ဘေးတွင်ချထားသော ဝိုင်ခွက်ကိုယူကာ တစ်ငုံမျှသောက်လိုက်သည်။

မေထည်ဝါသည် ကိန်းခေတ်၏ အရာအားလုံးကို
ဆုံးရှုံးလိုက်ရသကဲ့သို့ ချုံးချုံးကျနေသည့်
မျက်နှာကိုကြည့်ရင်း သက်ပြင်းတစ်ချက်မျှ
ရှိုက်လိုက်၏။

သူမရင်ထဲတွင်လည်း နာနာကျင်ကျင် ခံစားရသည်။
သူမကိုမချစ်ဘဲ အသုံးချရုံ၊ရွေးချယ်သင့်လို့ ရွေးချယ်ရုံ
လုပ်လိုက်သည့် တစ်ဖက်လူ၏ အပြုအမူက သူမ၏
မာနကိုလည်း ထိခိုက်လှသည်။

"မင်းအတ္တကြီးတာတော့ တကယ်ပဲ ကိန်းခေတ်။
ဒီကိစ္စတွေ မဖြစ်ခင် အစ်မကို ပွင့်ပွင့်လင်းလင်း
ပြောလာရင်တောင် အစ်မက မင်းကို ဆွဲထားမယ့် လူမျိုး
မဟုတ်ဘူးလေ။ ပြီးတော့ မင်းပြောသလိုမျိုး
အစကတည်းက မင်း ချစ်တဲ့လူက နှိုင်းဇေဆိုရင်
အစ်မ ပိုလို့တောင်ရှေ့ဆက်မတိုးဘဲနေဦးမှာ"

"ကျွန်တော် မသိခဲ့ဘူး..။ နှိုင်းဇေကို ဒီလောက်ထိ
ချစ်နေမိမှန်း ကျွန်တော့်ကိုယ်ကျွန်တော်လည်း
မသိခဲ့သလို ၊ သိအောင်လည်း မကြိုးစားခဲ့မိဘူး။
အချိန်ရှိသရွေ့ သူ့ကို မျက်ရည်ကျအောင် ၊နာကျင်အောင်
စကားတွေနဲ့ အပြုအမူတွေနဲ့ ထိုးနှက်မိနေပြီး
ကျွန်တော့်ဘေးက ထွက်ပြေးလို့မရအောင်လည်း
ကျွန်တော်ကပဲ ကျွန်တော့်အတ္တတွေနဲ့
လှောင်ပိတ်ခဲ့တာ.."

မေထည်ဝါသည် ကိန်းခေတ်အား ခပ်ငေးငေးကြည့်ပြီးမှ
ဝဲတက်လာသည့် မျက်ရည်များအား မျက်တောင်ရှည်များဖြင့် ပုတ်ခတ်၍ တားဆီးလိုက်မိသည်။
ပြီးမှ

"နှိုင်းဇေပြတဲ့ ဆရာဝန်က အစ်မတို့ရဲ့ဆရာလည်းဖြစ်လို့
ဆရာကနှိုင်းဇေရဲ့ ရောဂါအကြောင်းကို ပြောပြတယ်.."

ကိန်းခေတ်သည် ငြိမ်သက်၍ နားထောင်နေ၏။

"နှိုင်းဇေ က စိုးရိမ်ရတဲ့အခြေအနေကို ရောက်နေပြီ
ကိန်းခေတ်။ သူ့မှာ သူ့ရဲ့ခုခံအားကနေ
အသည်းကိုပြန်တိုက်ပြီး အသည်းပျက်စီးစေတဲ့
AIH လို့ ခေါ်တဲ့ရောဂါရှိနေတယ်။ သူ့အသည်းကလည်း
စပြီးပျက်စီးနေပြီ ။ အစားထိုးပြီး ကုမှပဲ အကောင်းဆုံး
အခြေအနေကို ပြန်ရောက်တော့မှာ ။ ဒါပေမဲ့
ဒီလိုမျိုး အစားထိုးကုသနိုင်ဖို့
အသည်းအလှူရှင်ရဖို့ဆိုတာလည်း တော်တော်လေး
ခက်တယ်။"

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now