Before you go

3.6K 444 65
                                    

" အာ့ "


ဂယူ ပြန်ရောက်လာကတည်းက စကားလုံးများ တိတ်ဆိတ်နေခဲ့သော ယူဂျင်းသည် လက်ပေါ်မှ အနီရာတို့ဆီ ဝယ်လာသောဆေးကို တို့လိုက်ခါမှ အာမေဋိတ်သံ တိုးတိုးလေး ထွက်လာ‌သည် ။

ဂယူ့မှာ တွေးကြည့်လေ ၊ ခံပြင်းလေ ဖြစ်ပြီး ထမင်းဘူးတစ်နပ်စာအတွက်နှင့် သည်လောက်အပင်ပန်းခံဖို့ လိုသလားဆိုတဲ့ အတွေးတို့ကြောင့် မျက်နှာ ခပ်တင်းတင်း ဖြစ်နေသည် ။


" စပ်ပြီမလား ။ မင်းကို တန်ပူရာ လုပ်ပေးဖို့ ကိုယ် ပြောခဲ့လို့လား "


ပြောမယ့်သာ ပြောရသည် ။ ထိုကောင်လေး မျက်နှာက သေးသထက် သေးသွားပြီး ညှိုးငယ်သွားတာကို မြင်တော့လည်း သက်ပြင်းချကာ စိတ်လျှော့လိုက်ရသူက သူပါပင် ။

အစောက ကောင်လေး၏ စကားတွေကို ပြန်ကြားယောင်မိတော့ ဂယူ ဟန်ဆောင်ပြီးတော့တောင် ဆူချင်စိတ်မရှိတော့ပါချေ ။ တစ်ခါတည်း စိတ်နာသွားအောင် နင့်နင့်သီးသီးတွေ ပြောပစ်ဖို့လည်း မလုပ်ရက်တော့ပေ ။ တွေးကြည့်လျှင် ယူဂျင်းဘက်က အမှားမရှိဘူးမဟုတ်လား ။ မှားခဲ့မည်ဆိုလျှင်တောင်  စေတနာအမှားပဲ ဖြစ်ပါလိမ့်မည် ။ 

သူ ထမင်းတစ်နပ်စာ စားရဖို့အတွက် အဖိုးတန် လက်တွေမှာ ဆီပေါက်ခံခဲ့လေသော ကောင်လေးကြောင့် ခံပြင်းမိပြီး ဆူလိုက်ရသော်လည်း စေတနာကို အသိအမှတ်မပြုပေးသလို သဘောလည်း သက်ရောက်သွားသည်ပဲ ။ ဒါ့ကြောင့် ယူဂျင်းက ပိုပြီး ဝမ်းနည်းသွားရရှာသည်ပေါ့ ။ ဂယူ့မှာ ထပ်ပြီး စိတ်မကောင်းဖြစ်ရပြန်ပါသည် ။


" ကိုကို .. အခုနက ကျွန်တော် ပြောလိုက်တာတွေကို စိတ်ထဲ မထားပါနဲ့နော် "


ယူဂျင်းက သူ ဆေးလိမ်းပေးနေတာကို အသာလေး ငြိမ်ခံနေပေမဲ့ နှုတ်ခမ်းများကတော့ ဆက်တိုက် လှုပ်ရှားနေသည် ။ မကျေနပ်ချက်တွေကို စာရင်းနှင့်တကွ မှတ်ထားရင်း စစ်ကြေညာပြီးခါမှ စစ်ပြေငြိမ်းလွှာကို ထပ်မံ တင်ပြချင်သည်ပေါ့လေ ။ မျက်လွှာချကာ ဆိုလာသော အသံလေးဟာ မရဲတရဲ ။ အစောတုန်းကတော့ သည်လို မျက်နှာလေး မဟုတ်ပါဘူး ။ ရန်ထောင်နေသော ခြင်္သေ့ပေါက်လေး လုပ်နေခဲ့တာ မဟုတ်လား ။ 

My Blue : 규진Where stories live. Discover now