Angels like you

3.9K 456 39
                                    

ဆတ်ခနဲ လှုပ်ယမ်းသွားသော ပတ်ဝန်းကျင်ကြောင့် အအိပ်ဆတ်သော ယူဂျင်းဟာ မျက်လုံးများ ပွင့်လာသည် ။ 

သူ့မျက်စိရှေ့တည့်တည့်တွင် ရှိနေသောအရာဟာ အနက်ရောင် နံရံတစ်ချပ်များ ဖြစ်လောက်မလားဟု ထင်လိုက်ပေမဲ့ မဟုတ်ခဲ့ပေ ။ အနက်ရောင် တီရှပ်တစ်ထည်ဝတ်ထားသော အမျိုးသားတစ်ယောက်ဟု ဆိုရလျှင် အဖြေမှန်ဖြစ်လိမ့်မည် ။ ထိုအမျိုးသား၏ ဖြူသွယ်သောလည်တိုင်မှ မှဲ့နက်ကလေးသည် မှိန်ဖျော့ဖျော့ အခန်းမီးရောင်ထဲတွင်တောင် အထင်းသားဖြစ်နေခဲ့ပါ၏ ။

ထိုမှဲ့နက်လေး၏ ပိုင်ရှင်ဖြစ်သော ၊ သူ မြတ်နိုးရသည့် မျက်ဝန်းညိုကလေးနှင့် ယခုလို နီးကပ်စွာ ရှိနေရသည် ဆိုသော အသိစိတ်ကြောင့်သာဖြစ်ပေလိမ့်မလား ၊ အိပ်တစ်ဝက် နိုးတစ်ဝက်တွင်တောင် ယူဂျင်း အရူးလေးလို ပြုံးလိုက်မိသည် ။

တစ်ဆက်တည်းမှာပင် နေသားကျနေပြီးသား နွေးထွေးမှုတစ်ခုဟာ မထူမပါး အဖြူရောင် စောင်တစ်ထည်ထံမှ မဟုတ်ဘဲ သူ့ ခန္ဓာတစ်ခုလုံးကို လွှမ်းခြုံထားသော ရင်ခွင်ကျယ်တစ်ခုကြောင့်မှန်း ခံစားမိသောအခါ သူ့ကိုယ်သူ ခေါင်းအုံးနေရာမှ လျှောကျနေသည့် အနေအထားကို သတိထားမိသည် ။

သူ ဘယ်နှနာရီလောက်များ ကိုကို့ လက်မောင်းပေါ် ခေါင်းအုံးမိခဲ့သလဲ မမှတ်မိပါပေ ။ သူကရော ကိုကို့ ရင်ခွင်ထဲကို ဘယ်လိုဖြစ်ပြီး တိုးဝင်သွားမိခဲ့ရသလဲ မပြောတတ်ပါ ။ အိပ်ပြီဆို ကုတင်ကျယ်သလောက် လျှောက်လှိမ့်တတ်သည့် ကိုယ့်ကိုယ်ကိုယ် သံသယစာရင်းဝင်အဖြစ် နံပါတ်တစ်မှာ ထားထားသင့်သည်ဟု ထင်သည် ။

မအိပ်ခင်တုန်းက ကုတင် ဟိုဘက်စွန်းနှင့် သည်ဘက်စွန်းတွင် နေရာယူထားကြသော ကိုကို နှင့် သူ့အကြားတွင် လူတစ်ယောက်စာ လုံလုံလောက်လောက် အိပ်နိုင်သော ကွက်လပ်တစ်ခုရှိသည် ။ ထိုနေရာတွင် ဖက်လုံးလေး စည်းခြားထားပြီး အိပ်ခဲ့ကြပါသော်လည်း ယခုဆို ထိုဖက်လုံးလေးသည်တောင် ကုတင်ပေါ်မှ လုံးဝဥဿုံ ပျောက်ဆုံးသွားခဲ့ရချေပြီ ။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ ဖြစ်သော ကိုကို့အား ဖြည်းဖြည်း မော့ကြည့်ရင်း သူ့ လည်တိုင်မှ မှဲ့နက်လေးကို ဖွဖွ နမ်းဖို့ တွေးမိသည် ။ ကော်လာအင်္ကျီများဝတ်လျှင်တောင် ဖုံးမသွားဘဲ ထင်းနေသည့် ထိုမှဲ့လေးဟာ ယူဂျင်း သတ်မှတ်ထားသော ကိုကို့အပိုင် အဖိုးတန် အမှတ်အသားလေးတစ်ခုရယ်ပါ ။ 

My Blue : 규진Where stories live. Discover now