Golden hour

2.1K 287 18
                                    

၁၂ ရက်မြောက်နေ့ ။


သည်နေ့ ကိုကိုသည် မနက်ကတည်းက အိမ်မှ ထွက်သွားခဲ့သည် ။ တကယ်တော့ သူဌေးသားတစ်ယောက်အတွက် သည်မှာ များများစားစား ပိုက်ဆံသုံးစရာမရှိ၍ ရွာတောင်ပိုင်းမှ ဦးလေးတစ်ယောက်၏ ဖရဲသီးကားနှင့် လိုက်သွားပြီး မြို့မှာ စားစရာ တချို့ သွားဝယ်ခြင်းဖြစ်သည် ။ 

ရွာမှာ ရာသီစာတွေ ၊ သီးပင် စားပင်တွေပေါပြီး ဒေါ်လေးကလည်း တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ကျွေးနေပေမဲ့ ဆိုးလ်က လာသော သူတို့ နှစ်ယောက်အတွက် ညဘက်ဗိုက်ဆာလျှင် ထစားဖို့ သရေစာ မုန့်တွေ လိုနေသေးသည်လေ ။ ရွာထဲက မုန့်ဆိုင်လေးက သိပ်မစုံဘဲ တစ်ခါတလေ မုန့်ထုတ်တွေက ဒိတ်လွန်ခါနီး ဖြစ်နေတတ်သည် ။

သို့သော် ဂယူဘင်းဆိုသူဟာ ထိုဒိတ်လွန်နေသော မုန့်ထုတ်တွေကိုလည်း ဆိုင်ရှင် အဘွားကို သနားပြီး နေ့တိုင်းလိုလို အားပေးလာတတ်သည် ။ အခုဆို သူတို့ အိမ်မှာ မုန့်ထုတ်အဟောင်းတွေ တောင်လိုပုံနေပြီ ။ သည်တစ်ခေါက် ပိတ်ရက်တုန်းကလည်း အစ်ကိုဂွန်းနုကို မြို့မှ ပါကင်လိုက် အအေးဘူးတွေမှာပြီး ရွာထဲမှ ကလေးတွေကို ကြုံသလို ဝေခဲ့သေးသည် ။

သည်လိုနှင့်ပင် တစ်ပတ်ကျော်သွားပြီ ဖြစ်သော်လည်း ကိုကို့ဘက်က ပြန်မည်ဟု စကားမစခဲ့သလို သူ့ဘက်ကလည်း ပြန်ရမည့်အကြောင်း တစ်ခါမှ အသိမပေးဖြစ်ခဲ့ပေ ။ မေမေတို့ကိုတော့ စိတ်မပူဖို့သာ မတ်ဆေ့ချ်ပို့ထားခဲ့၏ ။ ကိုကိုပါနေ၍ အယုံကြီး ယုံနေခဲ့သလား ၊ အလုပ်မအား၍လား မသိပေမဲ့ မေမေက သူ့ စာကို ဖတ်ရုံသာ ဖတ်သွားသည် ။


" ဒီနေ့ ဂယူ မရှိတော့ ပျင်းနေပြီလား ကလေးလေး "

ဟုတ်သည် ။ ယူဂျင်း ပျင်းနေပြီ ။ 

ယူဂျင်း၏ တာဝန်ဟာ ကိုကို ယူလာသော အသီးများကို စားဖို့ နှင့် ဒေါ်လေးချက်ကျွေးသမျှကို အချိန်မှန်စားပြီး အိပ်ဖို့ပဲမဟုတ်လား ။ 

ကိုကို့အတွက်ကတော့ သူ မလုပ်ဖူးသော ခြံအလုပ်တွေကို တစ်ခုပြီးတစ်ခု သင်ရင်း ပျော်စရာ ၊ စိတ်ဝင်စားစရာ အတွေ့အကြုံအသစ်တွေ ရနေခဲ့ပေမဲ့ ယူဂျင်းအတွက်ကတော့ တစ်ရက်တစ်ရက် ပျင်းစရာကောင်းပါသည် ။

My Blue : 규진Where stories live. Discover now