အရင်နှစ်ရက်လောက်တည်းက ပူလောင်နေသော မျက်နှာပြင်ကြောင့် ရေချိုးခန်းဆီခဏခဏသွားပြီး မျက်နှာသစ်နေရသည်။ ပါးပြင်အထက်က ပူလောင်မှုအပြင် အခုအခါမှာကြိမ်းစပ်လာသည်မို့ စုစုမှာ တော်တော်လေးကိုခံစားရခက်နေရတော့သည်။
"စုစု....နင့်မျက်နှာမှာ အစက်တွေနဲ့။"
"ဟုတ်လား....။"
ကျောင်းချိန်နီးပြီမို့ မှန်မကြည့်ပဲဆင်းခဲ့လိုက်သည်က အဆောင်ရှေ့ကိုရောက်နှင့်နေသည့် အခန်းဖော်၏စကားကြောင့် အဆောင်ပေါ်ပြန်တက်ခဲ့ရပြီး မှန်ကြည့်ရသည်။
ပါးပြင်တွင် အနီရောင်အစက်အပြောက်လေးများစွာရှိနေပြီး မျက်ခွံရှိသွေးကြောများသည်လည်း အရင်ကထက်ပိုလို့ထင်ရှားနေတော့သည်။ ကြည့်နေရင်းကနေ ထိတ်လန့်လာသည်မို့ ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ကိုဖုန်းဆက်မိသည်။
"အစားမှားတာနေမှာပါ စုစုရယ်။ ဘာမှမဖြစ်ပါဘူး။ မငိုနဲ့လေ...."
"မဟုတ်ပါဘူးဆို မေမေကလည်း။ သမီးပါးမှာ သွေးစက်တွေလိုပဲ အနီစက်လေးတွေအများကြီးဖြစ်လာတာ။ အရင်နေ့တွေထဲက သတိမထားမိခဲ့လို့...."
အိမ်နဲ့ဖုန်းပြောနေရင်းမှ ကိုယ့်မျက်နှာကိုမှန်ထဲပြန်ကြည့်ပြီး အစက်လေးတွေများနေသည်ကြောင့် ငိုမိသည်။ မျက်မှန်ကိုလည်း ချွတ်ထားလိုက်ပြီး မှုန်ဝါးဝါးနှင့် ကိုယ့်မျက်နှာကိုယ် တော်တော်လေးဝမ်းနည်းနေရသည်။
ရောဂါလက္ခဏာတစ်ခုခုကြောင့်လားဆိုသည့် အတွေးနှင့်လည်း ပိုမိုဝမ်းနည်းနေရသည်။
"ဟုတ်ပြီ ဟုတ်ပြီ။ ဒါဆို စုစုဆေးခန်းသွားလိုက်။
ဆရာဝန်ကိုပြကြည့်လိုက်.....""မေမေကလည်း...စုစုဘာနဲ့သွားရမှာလဲ။"
"ကဲ မေမေကလည်းကြည့် လုပ်မနေပါနဲ့။ သမီးအကိုကို မေမေဖုန်းဆက်ကြည့်လိုက်မယ်။ သူ့အပေါင်းအသင်းတွေကို အကူညီတောင်းလို့ရမလားပေါ့။"
ထိုသို့ပြောပြီး ဖုန်းချသွားသည့် မေမေ့ကြောင့် စုစုသည် ကောင်းစက်မိုးဆိုသည့်လူကိုသာ ပြေးမြင်မိတော့သည်။ ကန်ဘောင်မှာတုန်းက နေရခက်ခဲ့ရပေမယ့်လည်း အဆောင်ရှေ့ထိပြန်လိုက်ပို့ပေးခဲ့သည့် ကျေးဇူးရှင်ကို ဒီနေရာမှာအားကိုးဖို့အတွက် စုစုတော့စိတ်ချသည်။
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။