အပိုင်း (၄၇)

3.2K 143 13
                                    

ရုံးခန်းထဲမှာရှိနေသည့် လူတစ်ချို့ဆီမှ အကြည့်တွေကြောင့်နဲ့ ကောင်းစက်သည် ညီမလေးကိုချီပွေ့ဖြစ်ခဲ့ပြီး ရုံး၏အပြင်ဘက်ကိုထွက်ဖြစ်ခဲ့သည်။

ထိုသို့အပြုအမူအတွက်လည်း ညီမလေးဆီကနေမည်သို့သော တားမြစ်မှုမျိုးကိုမှမရပဲ အလိုက်တသိနှင့် ကောင်းစက်လည်ပင်းဆီ ခိုဝင်ဖက်တွယ်လာသည့် လက်အစုံက အရင်အချိန်တွေအတိုင်းပဲ နွေးထွေးသည်။

ချီပွေ့ခံထားရင်းကနေ ငေးမာကြည့်နေသည့်အကြည့်တွေမှာ အရည်ကြည်တချို့ကရစ်ဝဲနေသည့်တိုင်ပဲ အကြင်နာတွေကဖိတ်စင်ကျနေလေသည်။ ဒီအကြည့်လေးတွေကအစ အရင်အချိန်တွေအတိုင်းပဲ သူ့အပေါ်မှာ တွယ်တာနေဆဲဆိုတာကို သိသာသည်။

"ကျွန်တော်တို့...ကျွန်တော့်ကို.....အကိုကြီးကို ......."
ကိုယ်တိုင်လိုက်မရှာဖြစ်ခဲ့သည့် ညီမလေးနဲ့ကြားက အချစ်ရိပ်တွေအတွက်၊ အခုချိန်ထိ သူ့ဆီမှာပဲပုံအောထားသည့် ညီမလေးဆီကအကြင်နာတွေအတွက် ခွင့်လွှတ်စကားတောင်းဆိုဖို့တောင် အခက်တွေ့နေရတာဖြစ်သည်။

"စုစု အကိုကြီးချစ်တယ်။ စုစုမှာအကိုကြီးတစ်ယောက်ပဲ ရှိတာလေ။"

"ကျွန်တော်........"

"စုစုလေ.....အချစ်ကို ယုံကြည်တာထက်ပဲ စုစုရဲ့ခံယူချက်တွေက ပြင်းပြနေတော့ ဒီနှစ်တွေမှာ..... လိုက်မရှာခဲ့လည်း အကိုကြီးနဲ့အပြီးတိုင် ဝေးလိုက်ဖို့ကို မတွေးရဲခဲ့ဘူး။ စုစုဘဝက အကိုကြီးမရှိလို့တကယ် မဖြစ်လို့။"

"......"

"ဒါကြောင့် အကိုကြီးကို လုံးဝကြီးမဆုံးရှုံးလိုက်ရသေးခင် ပြန်လာခဲ့တာ။ စုစုအချိန်မှီသေးတယ် မဟုတ်လားဟင်။ စုစုအကိုကြီးဆီပြန်လာတာ နောက်မကျသေးဘူးမဟုတ်လား။"

ဖြည်းညှင်းတဲ့စကားအေးအေးလေးတွေက ကောင်းစက်ရင်ကိုပြိုစေသည်။ ညီမလေးရဲ့စိတ်ဓာတ်နဲ့ အချစ်က ကောင်းစက်ရင်ကိုပြိုစေသည်။

"စုစုကို အနားမှာထားဖို့ အကိုကြီးဆီမှာအခွင့်အရေးကျန်သေးတယ်မဟုတ်လား။ စုစုကို အကိုကြီးအနားမှာပဲ ထားတော့မယ်မဟုတ်လားဟင်။"

ယောကျာ်းကြီးတန်မယ့် မျက်ရည်တွေစီးကျဖို့သာတတ်နိုင်ခဲ့သည့် ဒီအချိန်အခါက ကောင်းစက်ဘဝမှာ အားနည်းဆုံးအချိန်ပဲဖြစ်လိမ့်မည်။ ညီမလေးရဲ့စကားတွေမှာ ပြန်ဖြေဖို့အတွက်ကို အင်အားမရှိသလိုနဲ့ ကောင်းစက်တကယ်ပဲ ဆွံ့အ,ငေးမောနေရသည်။

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now