ညဘက်အပေါင်းအသင်းတွေနဲ့အတူ ထိုင်ဖြစ်ကြသည့် စားသောက်ဝိုင်းမှာ ညီမလေးက ငြိမ်ငြိမ်လေးထိုင်နေသည်။ ကောင်းစက်တို့ကျောင်းကလူတွေအပြင် တခြားကျောင်းတွေက ကောင်တွေလည်းပါသည်မို့ စားပွဲဝိုင်းအရှည်နှစ်ခုကို ဆက်ကာထိုင်ကြရသည့်ထဲမှာ တစ်ဖွဲ့လုံးက သူ့အာရုံနဲ့သူဖြစ်ကြသည်။နီးစပ်ရာက အချင်းချင်းတွေ့ဆုံမှုမှာ စကားတွေပြောနေကြပြီး ကောင်းစက်မှာလည်း မတွေ့တာကြာပြီဖြစ်သည့် မြင်းခြံကကောင်တွေနဲ့စကားလက်ဆုံကြရင်းမှ ဘေးမှာထိုင်နေသည့် ညီမလေးကို အကဲခတ်ဖြစ်သည်။
ဘယ်အချိန်ထဲက ပါလာမှန်းမသိတဲ့ စာအုပ်ကိုပေါင်လေးအထက်မှာတင်ပြီး အာရုံတစ်စိုက်နဲ့ဖတ်နေတာက မီးရောင်နည်းသည့် Dinnerမို့ မျက်လုံးထိမှာကို စိုးရိမ်နေရသည်။ စိုးရိမ်နေသော်လည်း စကားစဖြတ်မရတာမို့ ညီမလေးကိုမတားမြစ်ရသေးပဲ မသိမသာနဲ့ကြည့်ကြည့်နေရသည်။
"ငါပြောမယ်ကွာ။ တကယ်တော့ ဂိတ်ကြေးတွေက မတောင်းသင့်တော့ဘူးလေ။ အခွန်အခွန်ဆိုပြီး နေရာသေးသေးလေးတွေချပြီး လုပ်စားတိုင်း ပေးနေရတာ ဒီကောင်တွေ သူဌေးဖြစ်နေပြီကွ။"
"ဟုတ်တယ် ငါ့တို့ဘက်က ကောင်တစ်ကောင်ဆို အဲ့ဒီအခွန်ကောက်တဲ့နေရာမှာလေ။ တစ်လကိုသိန်း၂၀လောက်ဝင်တယ်ဆိုလား။"
"အေးကွာ...တကယ်ဆိုပုဂံက ယူနက်စကိုဝင်သင့်နေပြီ။ တချို့လူနေအိမ်တွေက ရုပ်ပေါက်ပါတယ်။ ဘုရားဘေးတွေမှာ ထဘီတွေလှန်းကြတာ ကြည့်မလှတော့ဘူး။"
"မင်းအမြင်ကရော ကောင်းစက်။ တစ်ခုခုဝင်ပြောဦးလေကွာ။"
"အေး...ငါလည်း မင်းတို့လိုပါပဲ။ ဒါက သာသနာရေးဝန်ကြီးက လုပ်မှရမှာလေ။ ငါတို့က ထောက်ပြလို့ရတဲ့နေရာမှ မဟုတ်တာ။"
"ဒါဆို ငါတို့အထက်ကို စာတင်ကြမလား။"
"နေပါကွာ။ ကျောင်းသုံးပစ္စည်း ဖူလှုံဖို့တောင် တောင်းဆိုလို့မရသေးတာ။ ဒီကိစ္စနဲ့ပါဆို ငါတို့ကိုထောင်ထဲထည့်ကြလိမ့်မယ်။"
"အေးကွာ။ အထက်ပိုင်းကလူတွေကလည်း ချိတ်လုံချည်တွေဝတ်ပြီး TVမှာပါချင်တာပဲများနေတာ။ ဒီလိုနေရာတွေကို ပြုပြင်ထိန်းသိမ်းရကောင်းမှန်း နားမလည်ကြဘူး။"
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။