🐹 အခန်း ၅ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည့် ဝူယိလေးမော့ဟယ်၊ ည ၁၀ နာရီ။
လူနာတင်ကားနှင့် ရဲကားဥဩသံများ အပြင်ဘက်လမ်းမပေါ်တွင် ရံဖန်ရံခါ ထွက်ပေါ်လာသည့်အတွက် ငြိမ်းချမ်းသည့် ညချမ်းအချိန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
နျဲ့ရှောင်တို့သုံးဦး ဟိုတယ်သို့ပြန်ရောက်ပြီးနောက်တွင် သွမ့်ဝမ်ယွီထံမှ ဖုန်းခေါ်ဆိုမှု ရရှိလိုက်သည်။
သွမ့်ဝမ်ယွီမှာ အကြောင်းအရာအား တည့်တိုးပင် ပြောလာသည်။ နျဲ့ရှောင်အား သူရှာတွေ့ထားသည်ကို ပို့လိုက်ပြီးနောက် လေးနက်စွာဖြင့် ပြောလေသည်။
“ဘော့စ်.. ငါးကြီးရဲ့ နောက်ဆုံးပုံကို ကျွန်တော်အခုပဲ တွေ့ထားတယ်.. ဒါပေမဲ့ နည်းနည်းမှားနေသလိုပဲ..”
“ကျွန်တော်ထင်တာက သူက ဗိုင်းရပ်ကူးစက်ခံထားရတာလားလို့..”
နျဲ့ရှောင်ထိုအကြောင်းကြားပြီးနောက် ချက်ချင်းပင် သွမ့်ဝမ်ယွီပို့ထားသည့် အချက်အလက်အား ဖွင့်ကြည့်လိုက်သည်။ အတော်လေး ထူးဆန်းကာကြောက်မက်ဖွယ်ကောင်းသည့် ပုံတစ်ခု မြင်ကွင်းထဲ ပေါ်လာသည်။
ဝူဝမ်ချီသည် ဖြူဖျော့နေသည့် ရှောင်ယန်အား ဆိုဖာပေါ်တွင် ထိုင်စေပြီး စောင်တစ်ခုလွှမ်းပေးလိုက်သည်။ သူလှမ်းကြည့်လိုက်သည့်အခါတွင် နျဲ့ရှောင်၏ မျက်လုံးများတွင် အလွန်လေးနက်ပြင်းထန်သည့် အမူအရာတို့ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားလေသည်။
“ဘော့စ်.. ဘာမှားနေလို့လဲ..”
“မင်းတို့နှစ်ယောက်လုံး လာကြည့်ကြ.. ဒါက ဘာနဲ့တူနေတယ်လို့ ထင်လဲ..”
နျဲ့ရှောင် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ဖုန်းရှိပုံကို ထိုနှစ်ယောက်အား ပြလိုက်လေသည်။ ဝူဝမ်ချီနှင့် ရှောင်ယန်တို့၏မျက်လုံးများ ပုံကိုကြည့်လိုက်မိသည့်အခါတွင် သက်ပြင်းရှိုက်လိုက်ကြမိသည်။
ပုံထဲတွင် သူတို့သတ်ချင်သည့် မစ်ရှင်ပစ်မှတ်အား မှတ်မိဖို့ရန်ပင် ခက်ခဲနေပြီဖြစ်သည်။