🐹 အခန်း ၂၂
ဝူယိလေးတို့ ခရီးဆက်ကြတယ်-၂ထိုအချိန်မှာပင် နျဲ့ရှောင်တို့အဖွဲ့နှင့် အတူလိုက်ပါလာသည့် လောယွင်ဟိုင်တို့အဖွဲ့သည် ဝူချင်ဖုန်း၏ တပ်သားများနှင့် အောင်မြင်စွာ ပေါင်းစည်းသွားကြသည်။
ဗိုလ်ချုပ်ကြီး ဝူချင်ဖုန်းသည် နယ်စပ်မြို့မှ အခြေအနေများအား ကြားသိပြီးနောက် သူ၏မျက်လုံးများ နီရဲလာသည်။ အဆုံးတွင် သူပြောလိုသည့် စကားလုံးပေါင်းများစွာအား ရိုးရှင်းသည့် အပြုအမူတစ်ခုဖြင့်သာ ထုတ်ဖော်လိုက်လေသည်။ ဝူချင်ဖုန်းသည် လောယွင်ဟိုင်၏ ပုခုံးအား လက်ဖြင့်ပုတ်လိုက်သည်။
“မင်းတို့အားလုံး ကောင်းကောင်းရှင်သန်နိုင်ခဲ့ကြတာပဲ.. ဒါကကို အရမ်းကောင်းနေပါပြီ..”
လောယွင်ဟိုင်သည် မျက်ရည်သုတ်လိုက်ပြီးနောက် မာန်ပါပါနှင့် ထည်ဝါခံ့ညားစွာ အလေးပြုလိုက်သည်။
အချက်အလက်များအား အတိုချုံး ဖလှယ်ပြီးနောက်တွင် ဝူချင်ဖုန်းသည် နျဲ့ရှောင်တို့အဖွဲ့၏ အစွမ်းထက်မှုကို သိရှိသွားလေသည်။ သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့အား အထိန်းအချုပ်မဲ့စွာ ကြည့်လိုက်ပြီး ထိုလူများ သယ်ဆောင်ထားသည့် ကံကြမ္မာမှာ စကားလုံးများဖြင့် ဖော်ပြဖို့ရန်ပင် အံ့ဩဖွယ် ကောင်းလွန်းလှကြောင်း ခံစားမိလေသည်။ ချက်ချင်းပင် လမ်းလျှောက်သွားပြီး လက်ဦးမှုရယူကာ သူ့ဘက်မှ မိတ်ဆက်စကားဆိုလိုက်သည်။
စကားပြောခန်း အဆုံးတွင် အကြောင်းအရာမှာ နျဲ့ရှောင်တို့၏ ဦးတည်ရာဆီသို့ မလွှဲရှောင်သာဘဲ ရောက်ရှိသွားလေသည်။ နျဲ့ရှောင်သည် ထိုအကြောင်းနှင့် ပတ်သက်၍ ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလေသည်။
“ကျွန်တော်တို့က ဖုန်းချန်ကို သွားကြမှာ.. ပြီးရင် ယွင်ချန်ကို ခရီးဆက်မယ်..”
ဝူချင်ဖုန်းသည် အဝေးတွင်ရှိသည့် နေရာများ၏ အမည်ကို ကြားသည့်အခါ အနည်းငယ် ကြောင်အသွားလေသည်။
“အဲလောက်တောင် ဝေးတာလဲ.. ခင်ဗျားတို့ တကယ်ပြန်သွားဖို့ စီစဉ်ထားကြတာလား..”