Chapter 10🐹

1K 174 4
                                    


🐹 အခန်း ၁၀ ဝူယိလေးက နေရာတိုင်းမှာ အမြုတေတွေကို ကောက်နေတယ်

မိုးလင်းပေါက်ခဲ့ပြီ။

နေထွက်လာပြီးနောက်တွင် နျဲ့ရှောင်တို့သည် အိတ်များထုပ်ပိုးကာဖြင့် ရှေ့ဆက်ဖို့ပြင်ကြသည်။ မနေ့က တစ်နေ့လုံး နောက်ရက်အနည်းငယ်အတွက် ရိက္ခာလုံလုံလောက်လောက် စုဆောင်းနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့အတွက် ကျန်ရှိသည်မှာ မြန်မြန်ဆန်ဆန် သွားလာနိုင်ရေးအတွက် ကားတစ်စီး ရှာဖွေရန် ဖြစ်သည်။

ရှောင်ယန်သည် ယမန်နေ့ ပစ္စည်းများစုဆောင်းစဉ် တွေ့ခဲ့ရသည့် ကိုယ်ထည်မြင့်မြင့် ခရီးကြမ်းမောင်း ကားတစ်စီးအား တွေ့ခဲ့သည့်နေရာသို့ ချက်ချင်းသွားလေသည်။ သူမသည် ဆံညှပ်ထားသည့် ကလစ်တစ်ခုအား ဆွဲထုတ်ကာ အစွန်းနှစ်ဘက်အား ဖြောင့်လိုက်သည်။ ထို့နောက်တွင် ကားသော့ထဲသို့ ထည့်လိုက်သည်။ သုံးစက္ကန့်ပင် မကြာလိုက်ဘဲ ကားသော့ပွင့်သွားသည်။

နျဲ့ရှောင်တို့ ကားဖြင့်ထွက်သွားကြတော့မည်ကို မြင်သည့်အခါတွင် ကျန်ရှိသည့်လူများ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။ လမ်းဘေးမှ ကျောက်ခဲများ၊ ကျောက်တုံးများ ကောက်ယူကာ နျဲ့ရှောင်တို့ ကားမှန်များအား ပစ်ပေါက်ကြလေသည်။ ဤကဲ့သို့ ရမ်းကားမှုသည် နျဲ့ရှောင်တို့အား တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်သွားစေသည်။

မျှော်လင့်ထားသလိုပင် များမကြာမီတွင် ဇွန်ဘီများအား ဆွဲဆောင်လိုက်နိုင်သည်။

ဒဏ်ရာမှ ထွက်လာသည့် သွေးနံ့ကြောင့် မနေ့ညက ဒဏ်ရာနှင့်လူမှာ ဇွန်ဘီများ၏ ဦးစွာတိုက်ခိုက်ခြင်း ခံရလေသည်။ လက်ထဲတွင် တုတ်တစ်ချောင်းကိုင်ကာဖြင့် ကြောက်လန့်တစ်ကြား ‌အော်ဟစ်နေရုံသာ တတ်နိုင်သည်။

“အားးး အားးးး အားးးး သွား မလာနဲ့..”

အခြားသူများသည် ဇွန်ဘီများ ဝိုင်းထားခံရသည့် ထိုလူကို မသိမသာဖြင့် ရှောင်ဖယ်ထားကြသည်။ ဒဏ်ရာနှင့်လူသည် အခြားသူများအား မျက်ရည်များဖြင့် ကြည့်လိုက်ပြီးနောက် နျဲ့ရှောင်တို့အဖွဲ့အား ကြံရာမရဖြစ်စွာဖြင့် လက်ညှိုးထိုးပြောလေသည်။

  ဟမ်းစတားလေး ဝူယိ (ဘာသာပြန်)Where stories live. Discover now