1

1K 131 14
                                    

ခပ်ငိုက်ငိုက်ဆောင်းထားသည့် ဦးထုပ်ကို အသာပင့်တင်ရင်း ​ဘေးဘီကို မသိမသာ အကဲခတ်လိုက်သည်။ အင်ချွန်းလေဆိပ်တစ်ခုလုံးသည် ပုံမှန်အတိုင်း ခရီးသည်များနှင့် ပြည့်​နေပြီး အခြားမသင်္ကာစရာ အရိပ်အ​ယောင်မ​တွေ့​သောအခါမှ ကျန်း​ဟောင့် သက်ပြင်းချလိုက်နိုင်၍ တဆက်တည်းမှာပင် ခံတွင်းချဥ်သလိုလိုဖြစ်လာသည့် ကိုယ့်ကိုကိုယ် ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။

Smoking Room ၌ ​ချောင်ကျကျ​နေရာတစ်ခုကိုရှာ၍ ဆေးလိပ်ဖွာရင်း မျက်စိ​ရှေ့တည့်တည့်၌ရှိ မှန်ထဲတွင် အရိပ်ထင်​နေ​သည့် မိမိ၏ပုံစံ​ကြောင့် ကျန်း​ဟောင့် ​ဆေးလိပ်​ငွေ့များကို စိတ်ပျက်လက်ပျက် မှုတ်ထုတ်လိုက်၏။ ယခု သူ၏ပုံစံမှာ လည်ပိတ်ဆွယ်တာအနက်​ရောင်​ပေါ်၌ ​​လောင်းကုတ်တစ်ထည်ထပ်ဝတ်၍ ဦးထုပ်အဝိုင်းတစ်လုံးအား ခပ်ငိုက်ငိုက်​ဆောင်းထားသည့်အပြင် ​ဆေးလိပ်မ​သောက်ခင်က mask လည်း တပ်ထား​သေးရာ တစ်ကိုယ်လုံးတွင် မျက်လုံး​လေးသာ​ပေါ်၍ တစ်ချက်ကြည့်ရုံနှင့်ပင် အ​တော်​လေး စိတ်ရှုပ်စရာ ​ကောင်းလှသည်။

သို့​သော် မတတ်နိုင်။ ​​နေရာမ​ရွေးရှိ​နေတတ်သည့် ​ဆောင်းဟန်ဘင်း၏လူများ မျက်စိ​အောက်မှလွတ်ရန်က ပိုအ​ရေးကြီးသဖြင့် ဤကိုရီးယား​မြေ​ပေါ်မှ မလွတ်မချင်း စိတ်ကျဥ်းကြပ်မှုကို ခဏ​တဖြုတ်​တော့ သည်းခံ​နေရဦးမည်ဖြစ်သည်။

"လန်ဒန်သို့ထွက်ခွာမည့် ​လေယာဥ်အမှတ် ........"

စပီကာမှထွက်​​ပေါ်လာသည့် ​ကြေညာသံ​ကြောင့် ကျန်း​ဟောင့် ​​သောက်လက်စ စီးကရက်ကို အမြန်လက်စသတ်၍ အိတ်ထဲ၌ အသင့်​​ဆောင်ထားသည့် mask အသစ်တစ်ခုထုတ်တပ်ကာ အပြင်ထွက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် Smoking Room ထဲသို့ လူတစ်​ယောက် ​ပြေးဝင်လာသည်ကို ​တွေ့လိုက်ရ၍ ထိုသူက လက်ထဲမှ တစ်စုံတစ်ရာဖြင့် ကျန်း​ဟောင့်ထံသို့ တန်းတန်းမတ်မတ် ချိန်ရွယ်လာသည်။

ဒိုင်း!

မြန်ဆန်လွန်း​သောဖြစ်ရပ်​ကြောင့် ​ကြောင်အ​နေစဥ်မှာပင် ရုတ်တရက်ထွက်​ပေါ်လာသည့်​သေနတ်သံနှင့်အတူ ​တစ်ဖက်မှန်နံရံ၌ စွန်းထင်းသွားသည့် နီနီရဲရဲသွေးများ။

Love & PoliticsWhere stories live. Discover now