မီးရောင်စုံများပြိုးပြက်လက်နေသည့်နေရာ။ အဆင့်အတန်းမြင့်လွန်းသည်မဟုတ်ဘဲ လူငယ်များသာ လာရောက်ပျော်ပါးတတ်သည့်နေရာများကို ကျန်းဟောင့် သဘောကျသည်။
"ပြန်ချင်ရင် ကိုယ့်ကိုပြော"
ဆူဆူညံညံသံစဥ်များကို လိုက်ပါစီးမျောနေရင်းက နားရွက်ဖျားလေးတစ်ဖက်ကို ဖိကိုက်ပြီးပြောလာသူကို ကျန်းဟောင့် ခေါင်းခါပြလိုက်သည်။ ရှားရှားပါးပါး ရလာသည့်အခွင့်အရေး .. ကိုယ်တိုင် ကလပ်တက်ခွင့်ရဖို့အပြင် ဒီလူ့ကိုပါ အပါခေါ်လာနိုင်ဖို့ သူ ဘယ်လောက်တောင်ရင်းနှီးထားရသလဲ။ ညလုံးပေါက် မနေနိုင်လျှင် ရင်းထားသမျှနှမြောစရာ။
"ဟင့်အင်း မိုးလင်းတဲ့အထိနေမှာ"
"ကိုယ် မနက်ဖြန်ကျ ကက်ဘိနက်အစည်းအဝေး တက်ရဦးမှာ"
"ဒါဆို ပြန်လေ .. ငါ တစ်ယောက်တည်းနေခဲ့မယ်"
"Bae ကကွာ"
လူကြားထဲထင်းနေမည်စိုး၍ တမင်တကာဝတ်ခိုင်းလာသည့် ရိုးရိုးရှပ်အင်္ကျီလက်တိုအနက်၊ ကိုင်းမပါသည့်မျက်မှန်နှင့်ပင် ဆောင်းဟန်ဘင်းက သေလောက်အောင်ချောသည်။ ကနေသည့်ကျန်းဟောင့်ခါးကို လက်တစ်ဖက်တည်းဖြင့် အနောက်ကနေ တစ်ချိန်လုံးသိုင်းဖက်ထားပြီး လွတ်နေသည့်လက်က အရက်ခွက်ကိုင်ထားသည်။ ဝီစကီနံ့သင်းနေသည့်နှုတ်ခမ်းသားများ၏ဆွဲဆောင်မှုကို တောင့်မခံနိုင်ဘဲ မော့နမ်းမိလေတိုင်း မထိတထိပြန်နမ်းပေးတတ်သူ၏ ခါးကြားထဲ၌ ပစ္စတိုအသေးတစ်လက်လည်း ရှိနေသည်။
"ကြောက်စရာကောင်းအောင်လို့ .. သေနတ်ကြီးက"
ခါးပေါ်ရောက်နေသည့်လက်မှနာရီကို တို့ထိကစားရင်းက ကျန်းဟောင့် နှာခေါင်းရှုံ့သည်။ လူသတ်လက်နက်တွေကို သူ တကယ်သဘောမကျ။
"ကိုယ့်မင်းသားလေးက သက်တော်စောင့်တွေကို အပြင်မှာပဲစောင့်ခိုင်းချင်တာဆိုလို့လေ"
အရက်သောက်လိုက်၊ ကလိုက်၊ နမ်းလိုက်နှင့် တဖြည်းဖြည်းညနက်လာချိန်တွင်တော့ ကျန်းဟောင့် ခေါင်းမထောင်နိုင်တော့။ ပွေ့ချီလိုက်သူ၏ လည်ပင်းကိုသိုင်းဖက်ပြီး ရင်ခွင်ထဲမျက်နှာဝှက်ထားလိုက်သည်။ နားနားကို တစ်ခုခုကပ်ပြောလိုက်မှန်းသိသော်လည်း သေချာမကြားလိုက်၊ နွေးထွေးသည့်ရင်ဘတ်ပေါ် ပါးအပ်ပြီး အိပ်ချင်စိတ်တစ်ခုပဲ ခေါင်းထဲရှိသည်။