2

736 108 22
                                    

"ဒါ မင်းသား​ရဲ့အခန်းပါခင်ဗျ၊ ဝန်ကြီးချုပ်က ခဏ​နေ ပြန်လာမယ်လို့ ​ပြောခိုင်းထားပါတယ်။ မင်းသား​ လိုတာတစ်ခုခုရှိရင် ကျွန်​​တော့်ကို​ခေါ်လိုက်ပါ"

လိုအပ်သည်ထက်ပို၍ ရို့ရို့ကျိုးကျိုး​ပြောကာ ဦးညွတ်အရို​သေ​ပေး၍ ထွက်သွား​သော အိမ်​တော်ထိန်းဖြစ်ဟန်တူသည့် ​အမျိုးသားအားကြည့်ရင်း ကျန်း​ဟောင့် စိတ်မသက်မသာဖြင့် သက်ပြင်းချ​မိသည်။ အမှန်အတိုင်း​ပြောရပါက ကျန်း​ဟောင့် ဤ​နေထိုင်မှုပုံစံများနှင့် အသားမကျ​သေး။ ​​မွေးလာကတည်းက အနှစ်နှစ်ဆယ်​ကျော်နီးပါး သာမန်ပြည်သူများကြား၌ လွတ်လွတ်လပ်လပ် ကြီးပြင်းအရွယ်​ရောက်ခဲ့​သူအတွက် ​တောင်ကိုရီးယားက အသက်ရှုကြပ်စရာ ​နေစရာတစ်ခုထက်မပို။

အိမ်​ရှေ့မင်းသမီးဖြစ်​သော မာမားက အဖိုး​တော် သ​​ဘောမတူ​သည့် လူမျိုးခြား သာမန်တ​​ယောဆရာ​​လေးတစ်​ယောက်နှင့် တရုတ်အထိ ခိုးရာလိုက်​ပြေးခဲ့ပြီး​​နောက် ​တော်ဝင်အ​ဆောင်အ​ယောင်များ ရုတ်သိမ်းခံခဲ့ရ၍ နန်းတွင်းသို့​ခြေချခွင့်မရှိ​တော့သလို ​ခေါင်းမာ​သော မာမားကလည်း ​တောင်ကိုရီးယားသို့ လုံးဝမပြန်​ဘဲ ပါပါး၏​မွေးရပ်​​မြေဖြစ်သည့် ရှမန်၌သာ အ​ခြေချခဲ့သည်။ ထို့​ကြောင့် ပါပါးနှင့်မာမား ကားမ​တော်တဆဖြစ်၍ ကွယ်လွန်ပြီး​နောက် ကျန်း​ဟောင့်ကိုယ်တိုင်လည်း အ​င်္ဂလန်သို့ထွက်သွားခဲ့ပြီး ​တောင်ကိုရီးယား​သို့ပြန်ရန် အစီအစဥ်မရှိခဲ့သည်မှာ ​​ဆောင်းဟန်ဘင်းဆို​​သူ အိမ်​တံခါးဝသို့ ​ရောက်မလာခင်အထိ။

ထိုသူက သူ့ကိုယ်သူ မာမား၏​မောင်တစ်ဝမ်းကွဲဖြစ်​သော လက်ရှိမင်းကြီးက ​စေလွှတ်လိုက်သည့် တာဝန်ရှိသူတစ်​ယောက်အဖြစ် မိတ်ဆက်လာပြီး ​တောင်ကိုရီးယားသို့ အလည်ပြန်လာရန် ဖိတ်​ခေါ်ခိုင်းလိုက်ပါသည်ဟု ဆိုလာခဲ့သဖြင့် ရှားရှားပါးပါးကျန်ရှိ​သော ​ဆွေမျိုးရင်းချာတစ်ဦး၏အ​လေးထားမှုအား မငြင်းပယ်ရက်သည့်အတွက် လိုက်လာခဲ့မိသည်က ကျန်း​ဟောင့်၏အမှားပင်။

​မူလက ခဏတဖြုတ်သာ​နေပြီး ပြန်ရန်စီစဥ်ထား​သော်လည်း ဦးရီး​တော်နှင့်ဖွားမယ်မယ်၏ ​ချော့​မော့တားမြစ်မှုများ​ကြောင့် မပြန်ဖြစ်​တော့ဘဲ ဆိုးလ်၌သာ ​သောင်တင်​နေခဲ့၍ ​စ​ရောက်သည့်​နေ့ကတည်းက ​လုံခြုံ​ရေးဟူ​သော အ​ကြောင်းပြချက်ဖြင့် ဆောင်းဟန်ဘင်းထံမှ လျှို့ဝှက်သက်​တော်​စောင့်များလွှတ်၍ နှစ်ဆယ့်​လေးနာရီ ​စောင့်ကြည့်​နှောက်ယှက်ခြင်းကို ခံလာရသည်မှာ ယခု ထိုသူ၏အိမ်​ပေါ်အထိပါ ​ရောက်လာရသည်အထိ။

Love & PoliticsWhere stories live. Discover now