ဝုန်း!
ထိုင်နေသည့်ခုံတန်းနှင့် လူသွားလမ်းလေးသာခြားသည့် ပလတ်ဖောင်းကိုဝင်တိုက်မိပြီးရပ်သွားသည့်ကားမှ အငွေ့များအူတက်လာသည်ကို ကျန်းဟောင့် ကြောင်ကြည့်နေမိသည်။
အငွေ့များ ... မီးခိုးငွေ့များက တဖြည်းဖြည်းနှင့် မီးလျှံများအသွင်ပြောင်း၍ ကားလေးတစ်စီးအား ဝါးမြိုတော့မည့်ဟန်။ ကားထဲရှိ အမျိုးသားနှင့်အမျိုးသမီးကတော့ ကားကိုပတ်လည်ဝိုင်းနေသည့်မီးလျှံများကို သတိထားမိဟန်မတူ။ အရှေ့ကိုသာ တစိုက်မတ်မတ်ကြည့်နေကြပြီး စကားတပြောပြောနှင့် ပျော်ရွှင်ရယ်မောနေသည်။ ကြည့်နေရင်းက ပိုများလာသည့်မီးတောက်များကြား ကားထဲရှိလူနှစ်ယောက်၏မျက်နှာများကို ကျန်းဟောင့် ထင််ထင်ရှားရှားမြင်လိုက်ရသည်။
ပါပါး ... မာမား .. ဟင့်အင်း! မဖြစ်ဘူး
ကားရှိရာသို့ထပြေးတော့မည့်ဆဲဆဲတွင် မျက်လုံးပေါ်အုပ်ပေးလာသည့် လက်ဖဝါးကြီးကြီးတစ်ဖက်နှင့်အတူ ချွေးစေးများထွက်စပြုနေသည့်ခန္ဓာကိုယ်က ခါးမှနေ၍ဆွဲလှည့်ခံလိုက်ရပြီး နွေးနွေးထွေးထွေးရင်ခွင်တစ်ခုထဲ ကျရောက်သွားသည်။
"ဘာမှမဖြစ်ဘူး .. ဘာမှမဖြစ်တော့ဘူးနော်။ ကားက လမ်းချော်ပြီး ပလတ်ဖောင်းကိုဝင်ဆောင့်မိတာ၊ ဘယ်သူမှ အန္တရာယ်ဖြစ်မသွားဘူး"
တဖွဖွပြောနေသည့်စကားသံရှရှက အကြားအာရုံမှတဆင့် ယောက်ယက်ခတ်နေသည့်ကျန်းဟောင့်၏ဦးနှောက်ထဲအထိ စီးဝင်လာ၍ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းတင်းကြပ်ကြပ်သိုင်းဖက်ထားသည့်လက်အစုံက ပစ္စုပ္ပန်ကိုပြန်ဆွဲခေါ်သည်။
"မကြောက်ပါနဲ့ ... ကိုယ်ရှိတယ်လေ .. ကိုယ် ဒီမှာရှိတယ် ဘာမှမဖြစ်တော့ဘူး"
ﮩ٨ـﮩﮩ٨ـ♡ﮩ٨ـﮩﮩ٨ـ
အတွင်းရေးမှူးယူ ဘိုကင်တင်ပေးထားသည့်ဟိုတယ်က သာမန်အရပ်သားများတည်းခိုနေကျပုံစံမျိုးမဟုတ်ဘဲ ပြည်တွင်းပြည်ပအစိုးရအကြီးအကဲများ၊ ထိပ်တန်းစီးပွားရေးသမားများနှင့် နာမည်ကြီးပုဂ္ဂိုလ်များသာ သီးသန့်လာရောက်တတ်သောနေရာမျိုးဖြစ်၍ ပေးရသည့်စျေးနှင့်တန်အောင်ပင် လူသန့်ပြီး သေချာလေ့ကျင့်ထားပေးသည့်ဝန်ထမ်းများကြောင့်လည်း လာရောက်တည်းခိုသူများ၏အချက်အလက်များ ပေါက်ကြားမည်ကို စိတ်ပူစရာမလိုပေ။