ခုနွစ္(U+Z)

1.1K 90 6
                                    

Unicode

မနက်ခင်းရဲ့ နေရောင်နုနုက လှပစွာ ဖြာကျနေလေသည်။ရင်ခွင်ထဲ၌ နုရှိနေသည်မို့ ဒီမနက်ခင်းတွေဟာ မောင့်အတွက် အဓိပ္ပါယ်ရှိသည်။လှပသည်။ပြည့်စုံလေသည်။ရင်ခွင်ထဲ၌ အိပ်မောကျနေတဲ့ နုမျက်နှာလေးသည် မောင့်အတွက်တော့ ကြည့်လို့ငေးလို့မဝသည့် အရောင်စုံသည့် ပန်းချီကားလေးတစ်ချပ်နဲ့ပင်မခြားပေ။ရေချိုးခန်းမှ ထွက်လာတော့လည်း မောင်ရဲ့အိမ်သူလေးက အိပ်မောကျနေသည်မို့ မောင်မနှိုးဖြစ်တော့ပေ။

စားပွဲပေါ်က နာရီရဲ့ အချက်ပေးသံက နု အကြားအာရုံဆီကို ထိုးဖောက်ကာ မျက်လုံးတွေကိုပင် ပွင့်စေခဲ့သည်။မျက်လုံးများပွင့်ပွင့်ချင်း မောင့်မျက်နှာကို မတွေ့သည်မို့ စိတ်ထဲမကြည်လင်ချင်တော့။ရေချိုးခန်းက ထွက်သည်နဲ့အောက်ထပ်ကိုသာ ဦးတည်မိသော်လည်း မောင့်ကို မတွေ့ရသေးပေ။

"မောင် မောင်"

       မောင့်အသံကိုပင် နုပြန်မကြားရသော်လည်း ထမင်းစားခန်းထဲက အသံတွေကိုတော့ ကြားနေရသည်။ထမင်းစားခန်းရောက်ခါမှ မောင့်မျက်နှာလေးကို တွေ့ရလေသည်။နုရဲ့မနက်ခင်းတွေက မောင်ရှိမှသာ လှပလေသည်။

"ဘာတွေလုပ်နေတာလဲမောင်"

"မနက်စာပြင်နေတာအန်တီရဲ့"

"တို့လုပ်မှာပေါ့။တို့အိပ်ရာထနောက်ကျသွားတယ်ကွယ်"

"အန်တီအိပ်ရေးပျက်မှာစိုးလို့ မောင်ကမနှိုးတာ။မနက်စာလောက်ကတော့ မောင်ပြင်တတ်ပါတယ်အန်တီရဲ့။အားလုံးအဆင်သင့်ဖြစ်ပြီ စားလို့ရပြီအန်တီ"

"တို့ကလေးလေးတော့ ပင်ပန်းနေတော့မှာပဲ"

"အဲ့ကလေးလေးကလေ ဒေါ်ခရမ်းနုကြွယ်ရဲ့အပြုံးတွေမြင်ရင် ပင်ပန်းတာတွေမရှိဘူး သိရဲ့လား"

       မနက်စာပြင်ပေးရုံသာမက နု အတွက်ကော်ဖီကအစ မောင်ဟာ ဂရုတစိုက်ငှဲ့ပေးလေသည်မို့ သဘောကျစွာ ပြုံးမိတော့ မောင်ဟာ နုပါးပြင်တွေကို ကလေးတစ်ယောက်ပမာ တယုတယဆွဲပြန်လေသည်။

"အဲ့အပြုံးတွေနဲ့အသက်ရှင်နေတာပါဆို"

"တို့ကိုကလေးကျနေတာပဲကွယ်"

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now