U+Z
"ရာရာမင်းထင်ကို သွားခေါ်လာခဲ့"
အိမ်အောက်ထပ်မှာ ယသော်မေရဲ့အသံကဟိန်းထွက်နေသည်။ အပြင်ကပြန်ရောက်လာတာနဲ့ ဧည့်ခန်းကဆိုဖာမှာ ဝင်ထိုင်ကာ ကောင်မလေးတစ်ယောက်ကိုမြင်တာနဲ့ ရေးရေးထင်ကိုသွားခေါ်ခိုင်းလိုက်တာဖြစ်သည်။ ကောင်မလေးကတော့ သွားခေါ်ဆိုတာနဲ့လှစ်ကနဲနှင့် ကြောင်အိမ်လှေကားကြီးကနေ ပြေးတက်သွားတော့သည်။ မြန်မာဝမ်းဆက်ပဲဝတ်တတ်တဲ့ ယသော်မေက မိန်းကလေးပီပီလှတဲ့အထဲမှာတော့ပါသည်။ ဒီအိမ်ကြီးရဲ့ စီးပွားကိုအဖေဖြစ်သူဆီကလက်လွှဲထားခြင်းခံရတဲ့ စီးပွားရေးကိုဦးစီးတဲ့မိန်းကလေးတစ်ယောက်လဲ ဖြစ်၏။
"မမ ခေါ်တယ်ဆိုလို့"
ရှေ့ကိုရောက်လာတဲ့ ဖြူလွှလွှနဲ့တစ်ယောက်။ အိမ်နေရင်း ချည်သားဝမ်းဆက်အပွကိုဝတ်ထားပြီး ဖြစ်သလိုနေတာတောင်ကြည့်ရဆိုးမသွားပဲ ကြည့်ကောင်းနေ၏။ သူ့ကိုမေးပြီးတာနဲ့ သူ့ရှေ့မှဝင်ထိုင်လိုက်တာက ညင်ညင်သာသာ။
"မင်းအလုပ်က အိမ်ထဲမှာနေပြီး ငါတို့ကျွေးတာအခန့်သားစားနေမယ့်အလုပ်မဟုတ်ဘူးလား ရာရာမင်းထင်"
"ကျွန်တော် အလုပ်လုပ်ချင်လာလို့"
"အခုမှ ဘာကြောင့်လဲ"
ဒီအိမ်ကြီးရဲ့စီးပွားရေးကိုဦးစီးနေတဲ့ မိန်းမတစ်ယောက်အနေနဲ့ အိမ်ထဲရှိနေရမယ့်လူက ကလန်ကဆန်လုပ်လာတာကြောင့် ယသော်မေ ကတော့ ခွင့်ပြုပေးနိုင်မှာမဟုတ်ဘူး။
"ဖေဖေကလည်း လုပ်လို့ပြောတယ်"
"ဒီအသက်အရွယ်အထိ ထိုင်စားနေပြီးတော့မှ အခုမှအလုပ်ထလုပ်ချင်တာ ဘာကြောင့်လဲ"
အလုပ်လုပ်တာ ဘာဖြစ်သွားနိုင်လဲ။ ဖေဖေ့ လုပ်ငန်းစုမှာသူ့အလုပ်ဝင်လုပ်တာ ဒီလောက်စစ်ဆေးဖို့လိုတာလား။
"ကျွန်တော် ထိုင်မစားချင်တော့လို့"
ဒီကောင်လေးက ဘာဖြစ်လို့အခုမှပြောင်းလဲသွားလဲ ယသော်မေ စဉ်းစားမရပေ။ အရင်ကဆို အော်ကြီးဟစ်ကျယ်နဲ့သူ့ကိုဆန့်ကျင်တတ်ပေမယ့် အခုတော့နည်းစနစ်ပြောင်းပြီး ဆန့်ကျင်လာသည်။ နောက်ဆုံး လုပ်ငန်းစုထဲအထိကိုဝင်ချင်နေပြီဆိုတာတော့ မဖြစ်သင့်။
