U+Z
"ငယ်လေးကို မေမေတောင် အိမ်မလာဘူးလား မေးနေတယ်"
"ဟုတ်လား"
"အင်း ငယ်လေး အလုပ်လုပ်နေတာကိုလဲ ကိုယ်ပြောထားတယ်။ မေမေတို့ အံ့ဩနေတာ"
"ဟုတ် ဒီတစ်ပတ် ပိတ်ရက်လိုက်ခဲ့မယ်လေကိုကို"
"အင်း ကိုယ် အိမ်မှာငယ်လေး ကြိုက်တာကို ချက်ခိုင်းထားမယ်"
"တကူးတကကြီးမလုပ်ပါနဲ့ကိုကိုရဲ့။ ငယ်လေးက ဘာမှသိပ်စားတာလဲမဟုတ်ပဲနဲ့"
"ဘယ်ဟုတ်မလဲ ကိုယ်တို့အိမ်ကိုလာတာကို သေသေချာချာလေးတော့ ဧည့်ခံရမှာပေါ့"
"အဲ့ဒါဆိုလဲ ကိုကို့သဘော"
သူ ကိုကိုတို့အိမ်ကိုမရောက်ဘူးတာမဟုတ်။ ကိုကိုတို့အိမ်နဲ့သူတို့အိမ်က စီးပွားရေးအရပတ်သက်နေတဲ့သူတွေဆိုတော့ သူတို့ကိုခွင့်ပြုပေးထားပြီး တစ်ခါတလေ သူက ကိုကိုတို့အိမ်ကိုလိုက်သွားတတ်သည်။ ကိုကိုပြောသလိုကိုကို့မေမေက သူ့ကိုတကူးတကကြီး ဒီလိုမျိုးမလာဘူးလားမေးတာတော့မရှိ။ အရင်ကသူက ဘာကိုမှဂရုမစိုက်သလို ကိုကိုတို့အိမ်ကို ကြိုက်လားမကြိုက်လားမသိပဲ ဝင်လိုက်ထွက်လိုက်နဲ့လုပ်ခဲ့တာ။ ကိုကိုနဲ့လက်ထပ်ပြီး ကိုကိုတို့အိမ်မှာနေခဲ့တဲ့သူက ကိုကို့မေမေရဲ့စိတ်ထားကိုမသိပဲနေမလား။ သို့ပေမယ့် အဲ့ဒိတုန်းက သူက ဘာကိုမှဂရုမစိုက်ပဲ လုပ်ချင်ရာလုပ်ခဲ့သူ။ အခုတော့ သူ အဲ့ဒိလိုလုပ်ဖို့တော်တော်ကြီးကို စဉ်းစားရမှာပေါ့။ ပြန်လည်ရရှိတဲ့ဘဝတစ်ခုက သူတန်ဖိုးထားတတ်ရမယ်ဆိုတဲ့ အချက်ကို သူ့ကိုယ်သူသတိအမြဲပေးနေရသည်။
"ကိုကို မနေ့က ငယ်လေးတို့ဆီကိုလာခဲ့သေးတယ်ဆို"
"ဟုတ်တယ် ယသော်မေနဲ့တွေ့ပြီးပြောစရာတွေရှိလို့လေ။ ကိုကို ငယ်လေးဘက်ကိုတောင် လာကြည့်အုန်းမလို့ပဲ။ ငယ်လေး အလုပ်လုပ်တာတွေ့ပြီး ပြန်ခေါ်ချင်စိတ်ပေါက်သွားမှာစိုးလို့ လာမကြည့်တာ"
ရာရာ အပြင်ပိုင်းမှာတော့ ရယ်လိုက်သည်။ ကိုကိုက သူ့ကိုပြန်ခေါ်သွားချင်မှာစိုးလို့တဲ့လား။ ဒါ ဖြစ်နိုင်ရဲ့လား ကိုကိုလို့မေးလိုက်ရင် ကိုကိုက သူမဟုတ်တဲ့အတိုင်း သူ့ကိုအသည်းအသန်ရှင်းပြအုန်းမည်။ သူကတော့ အခု Marketing ဌာနမှာ တော်တော်အဆင်ပြေနေပြီဖြစ်ကာ အားလုံးနဲ့လည်း ရင်းနှီးနေပြီဖြစ်သည်။ သူ သင်ယူချင်သလို အားလုံးကလည်း သူ့ကိုသင်ပေးကြသည်။ သူ့ကိုလဲ ပုံမှန်လိုဆက်ဆံပေးကြသည်။ ဒါကိုပဲ သူတော်တော်လေးသဘောကျနေရ၏။ သူ့ကို ဟန်ဆောင်မှုတွေမပါတဲ့ ဆက်ဆံရေးကို ရာရာမင်းထင်လိုချင်သည်။
