U+Z
"ကျွန်တော်တို့ မတွေ့တာတောင် ကြာသွားပြီလားလို့၊ အစ်ကို နေကောင်းကျန်းမာရဲ့လား"
"အေးကွာ၊ အသက်ကြီးပြီဆိုတော့ ဒီလိုပဲပေါ့ ထိုင်ကြထိုင်ကြ"
ဦးမင်းထင်ကို ဂါရဝပြုရင်း တစ်ဖက်ကဦးရာဇာမိန့်နဲ့ဒေါ်သဒ္ဒါထက်က ဝင်ထိုင်သည်။ သူတို့နှစ်အိမ်က စီးပွားဘက်ဖြစ်တာကြောင့် ၃လ တစ်ခါမျိုး၊ ၆လ တစ်ခါမျိုးတွေ့ဆုံတတ်ကြသည်။ ဒီကြားထဲ သားသမီးတွေကပါ ပတ်သက်နေတော့ မိတ်ဆွေအတိုင်းအတာထက်က မိသားစုလိုဖြစ်နေ၏။ ဦးရာဇာမိန့်တို့လုပ်ငန်းတွေက ဦးမင်းထင်လုပ်ငန်းတွေကိုတော့ မမှီ။ ငွေကြေးပိုသာတဲ့သူဆိုရင် ဦးမင်းထင်ကိုပြရမှာပင်။ ဦးမင်းထင်က တချို့လုပ်ငန်းတွေဆို သူတို့စာချုပ်ချုပ်ထားပေမယ့် လုပ်ငန်းကို ဦးရာဇာမိန့်တို့ဘက်ကိုလွှဲပေးတတ်သည်။ စီးပွား ၃ ပုံ ၂ ပုံခန့်က ပတ်သက်နေကြတာဖြစ်သည်။
"မင်းတို့ရော ကျန်းမာရေးကောာင်းကြတယ်မလား"
"ဟုတ်ကဲ့ ကောင်းပါတယ် အစ်ကို"
သူတို့အားလုံးထိုင်ပြီးတဲ့အချိန် စားသောက်ဆိုင်က မှာထားတာတွေလာချတော့သည်။ ဝန်ထမ်းလေးတွေ စားသောက်ဖွယ်ရာတွေ လာချပေးပြီးကာမှ ဦးမင်းထင် စကားပြောဖို့လုပ်လိုက်၏။
"စီးပွားရေးတွေရော ကောင်းကြတယ်မလား"
"ကောင်းပါတယ်၊ အစ်ကို့ ကူညီမှုလဲ ပါတာပေါ့"
ဒေါ်သဒ္ဒါထက်ကတော့ ဘေးနားမှာထိုင်ကာ ပြုံးပဲပြုံးနေမိသည်။ သူ့အနေနဲ့က အိမ်ထောင်ရှင်မကောင်း၊ မိသားစုကို ထိန်းသိမ်းနိုင်တဲ့ အမျိုးသမီး၊ အားလုံးအားကျရတဲ့ အမျိုးသမီးအဖြစ်တည်ရှိနေမယ့်ပုံစံနဲ့ အံ့ဝင်ဂွင်ကျဖြစ်အောင် နေထိုင်သလို အားလုံးရဲ့အမြင်မှာလည်း ထိုအတိုင်းပဲဖြစ်သည်။
"ဒီနေ့တော့ စီးပွားရေးကိစ္စမဟုတ်ပဲ သားရေးသမီးရေးကိစ္စပြောရတော့မယ်ထင်တယ်"
"ကောင်းတာပေါ့ဗျာ"
စားရင်းသောက်ရင်း သားရေးသမီးရေးအကြောင်းဆွေးနွေးဖြစ်တော့ ဦးမင်းထင်က သူဖြစ်ချင်တာကို ပြောပြသည်။ ဒေါ်သဒ္ဒါထက်မှာ ပထမတော့အံ့ဩသွားပေမယ့် နောက်ပိုင်းတော့မျက်နှာထက်မှာအပြုံးတွေတည်ရှိနေသည်။ သူတို့စကားဝိုင်းက အဆင်ပြေပြေပြီးဆုံးသွား၏။
