အပိုင်း(၂၅)

18.2K 1.4K 358
                                    



'နောက်နေ့မှပဲ breakfast
အတူသွားစားရအောင် အစ်ကို။
ကျွန်တော် မသွားချင်တော့လို့ပါ'

လင်းထွဋ်သော်ရဲ့ ကွန်ဒိုရှေ့ရောက်သည့်အချိန်မှာပဲ
ဖုန်းထဲသို့ရောက်လာခဲ့သည့် message ကြောင့်
အံ့မင်းရှိန် ခဏမျှစဉ်းစားနေခဲ့ပြီးမှ ကားကိုပါကင်ထိုးကာ
အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။

ခုနကအထိ ကြည်ကြည်လင်လင်နဲ့
'အောက်မှာဆင်းစောင့်နေမယ် အစ်ကို'လို့ပြောခဲ့သည့်
လင်းက ဘာမှမဖြစ်ဘဲနဲ့တော့
ဒီလိုပြောမှာမဟုတ်ဘူးလေ..။

အံ့မင်းရှိန်စိတ်ပူစွာဖြင့် bell တီးလိုက်မိသည်။
အနည်းငယ်ကြာသည့်အခါမှ တံခါးလာဖွင့်သည့်
လင်းထွဋ်သော်ရဲ့ မျက်နှာသည် အနည်းငယ် နီရဲနေခဲ့ပြီး
ခပ်စိပ်စိပ် မျက်တောင်ရှည်များသည်လည်း
မျက်ရည်များဖြင့် မသိမသာ စိုစွတ်နေလေ၏။

"လင်း.."

အံ့မင်းရှိန်ခေါ်လိုက်သည့်အခါ လင်းထွဋ်သော်က
မျက်နှာလွှဲသွားခဲ့ပြီး သူ့မျက်ခမ်းစပ်မှ စို့ထွက်လာသည့်
မျက်ရည်စတွေအား လက်ဖမိုးဖြင့်ပွတ်သုတ်လိုက်သည်။
အံ့မင်းရှိန်သည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးမှ
လင်းထွဋ်သော်ရဲ့ ပိန်ဖျော့ဖျော့ ခန္ဓာကိုယ်လေးအား
ပွေ့ဖက်ထားလိုက်မိတော့သည်။

အရင်ကတည်းက တသသချစ်မြတ်နိုးခဲ့ရတဲ့ကလေးက
ဝမ်းနည်းနေတာကို မြင်ရတဲ့အခါ
သူ့ရင်တွေ နာရတယ်။
ပိုပြီးရင်နာစရာကောင်းတာက
အဲ့ဒီဝမ်းနည်းစရာကိစ္စတွေကို ဖျောက်ဖျက်ပေးဖို့
သူ့မှာ အခွင့်အရေးမရှိနေတာပါပဲ..။
တစ်ခါတလေတော့လည်း ကလေးတစ်ယောက်လိုမျိုး
ကောင်းကင်မှာ တလွင့်လွင့်မျောနေခဲ့တဲ့ စွန်ဝါလေးကို
ပိုင်ဆိုင်ချင်စိတ်ဖြစ်မိပါရဲ့။

အံ့မင်းရှိန်သည် သူ့ရင်ခွင်ထဲမှ
ပခုံးများတသိမ့်သိမ့်တုန်ကာ ငိုရှိုက်နေသည့်
ခန္ဓာကိုယ်လေးအား ပို၍တင်းကြပ်စွာ
ဖက်ထားလိုက်ပါသည်။

ထို့နောက် စကားတစ်ခွန်းအား
တိုးဖွစွာ ပြောလိုက်မိသည်။

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now