အခြားတစ်ဖက် (၁)

1K 31 0
                                    

တောင်တန်းပြာများကို ရထားပြတင်းမှတဆင့် လှမ်းမြင်နေရာမှ မြင်ကွင်းအားလုံး မှောင်ကျသွားသည်။ ရှည်လျားသော လှိုဏ်ခေါင်းရထားလမ်းသည် တော်ရုံနှင့်ပြီးဆုံးခြင်းမရှိ။ ရထားတွဲတွင်း ထွန်းလင်းထားသော မီးရောင်များကြောင့် ပြတင်းပေါက်တွင် ရောင်ပြန်ဟပ်ကာ ထင်နေသည့် မိမိရုပ်လွှာကို မာရီယာ မြင်နေရသည်။ နီညိုရောင်နှင့် ရွှေရောင်ရောသော ဆံပင်လိပ်ခွေများသည် ပခုံးပေါ် မထိတထိ ကျရောက်နေသည်။ မိခင်က အီတလီနိုင်ငံ စီစီလီကျွန်းသူစစ်စစ်ဖြစ်၍ မြေထဲပင်လယ်သူများ၏ ဆံပင်နက်နက်၊ မျက်လုံးလှလှ၊ အသားစိုစိုကို ပိုင်ဆိုင်ထားသည်။ အများက သူမကို မိခင်နှင့်ဆင်တူသည်ဟု ပြောကြသော်လည်း ကိုယ်တိုင်ကတော့ မိမိရုပ်ရည်ကို ချောမောသည်ဟု ဘယ်တုန်းကမှ မခံစားခဲ့ရ။

လက်ကိုင်အိတ်ကိုဖွင့်ကာ အဆီနှုတ်ခမ်းနီတောင့်ကို လှမ်းယူလိုက်သည်။ အအေးဒဏ်ကြောင့် ဆောင်းရာသီတိုင်း မာရီ့ယာ့နှုတ်ခမ်းများ ကွဲအက်တတ်သည်။ ပြတင်းပေါက်မှာ ထင်နေသော မိမိအရိပ်ကို ပြန်လှည့်ကြည့်ပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများထက် အဆီနှုတ်ခမ်းနီကို ခပ်မာမာဖိဆိုးလိုက်သည်။

လျှင်မြန်စွာ ပြေးလွှားနေသော ရထားပြတင်းပေါက်မှ ရှုခင်းများကို ပြန်မြင်ရသည်။ အဝေးတစ်နေရာရှိ ရထားလမ်းနှင့်ယှဥ်လျက်ဖြစ်သော ကားလမ်းပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေသော ကားလေးများကို မြင်နေရသည်။ အဝေးပြေးကားနှင့် ကုန်တင်ကားများလည်းရှိသည်။ ကားလမ်းနှင့် ရထားလမ်းကြားမှာ စမ်းချောင်းသွယ်များ၊ သစ်ပင်မြင့်များ၏ ရှုခင်းများသည် အရှိန်မြန်ရထားကြောင့် လျှပ်တပြက်သာ ပေါ်လိုက်၊ ပျောက်လိုက်နှင့် ကျန်ရစ်နေခဲ့ပြီ။

သိပ်မကြာမီမှာပင် ပင်လယ်ကို လှမ်း၍ မြင်လိုက်ရသည်။ အလုံပိတ်မှန်ပြတင်းများမှ ရနံ့တို့ဖြတ်သန်း၍ မရနိုင်သည်ကို သိနေပါလျက် ငယ်စဥ်ကပင် ကျွမ်းဝင်ခဲ့သော ပင်လယ်ရနံ့ကို ရလိုက်သလိုပင်။ အတွေးများတွင်သာမက အသည်းအသားထိ စိမ့်ဝင်အောင် လွမ်းရပါသော ပင်လယ်ပြာကို ကြည့်၍မဝနိုင်။

CLOVERWhere stories live. Discover now