ဆုံမှတ်စက်ဝန်း (၁)

180 11 0
                                    

မြို့ဟောင်းကြီး၏ တံတိုင်းမြင့်များသည် မညီမညာ ပြိုပျက်နေသည်။ အချို့နေရာများတွင် ဟင်းလင်းပေါက်သဖွယ် ယိုင်နဲ့နဲ့ ကျန်နေရစ်သည်။ မြို့လယ်လမ်း၏ လမ်းခင်းကျောက်တုံးများသည်လည်း ညီညီညာညာမဟုတ်တော့။ ကွဲအက်ပြုတ်ထွက်နေသော ကျောက်တုံးအချို့သည် လမ်းမတစ်လျှောက် နေရာအနှံ့ ပြန့်ကျဲနေသည်။ လမ်းဘေးဝဲယာနှင့် လစ်ဟာနေသော ထိုနေရာများတွင် သဘာဝတရား၏ တန်ပြန်စစ်ဆင်မှုဖြစ်သည့် ချုံနွယ်မြက်ပင်များ ပေါက်ရောက်လျက်ရှိသည်။ 

မြင်းခွာသံကို ပဲ့တင်သံအဖြစ် သဲ့သဲ့ ကြားလိုက်ရသည်။ မြို့ပျက်ကြီးတစ်ခုအလား ဆိတ်ငြိမ်နေသည့် မြို့ကြီးထဲတွင် ထ ပျံသွားသော ငှက်ငယ်အချို့မှလွဲပြီး မည်သည့်ထူးခြားမှုကိုမှ မတွေ့ရ။

လမ်းတစ်ဖက်တစ်ချက်ရှိ လူနေအိမ်များသည် စွန့်ပစ်ခံများအသွင် ထီးထီးကြီးသာ ကျန်ရစ်နေပြီ။ အိမ်အိုအိမ်ဟောင်းများဖြစ်သော်လည်း တစ်ချိန်က ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ထားခြင်းကို သတိထားမိနိုင်သည်။ လေးလံသော ကျောက်တုံးကြီးများကို အံဝင်ဂွင်ကျ ထပ်ဆင့်ထည့်သွင်းထားသည်။ တုတ်ခိုင်သော သစ်လုံးများကို တံခါးတိုင်နှင့် ပြတင်းတိုင်များအဖြစ် အသုံးပြုထားသည်။

မြင်းခွာသံသည် တိုးရာမှ ကျယ် လာသည်။ အပြေးအလွှားလာနေသည့် အသံများမဟုတ်။ တစ်ချက်ချင်း၊ တစ်လှမ်းချင်း လျှောက်လာနေခြင်းမျိုး။ နှာမှုတ်သံနှင့်အတူ အညိုရောင်မြင်းကြီးကို ပျက်ယွင်းနေသော မြို့လမ်းများပေါ် မြင်ရပြီ။ ခေါင်းကိုမော့ကော မော့ကာ ရေနံ့ခံနေသည့် မြင်းကြီးသည် ခရီးပြင်းနှင်လာရဟန် နွမ်းနယ်နေသည်။ ဇက်ကြိုးကို ကိုင်၍လာသော သခင်ဖြစ်သူ၏ ခြေလှမ်းများသည်လည်း သွက်လက်ခြင်းမရှိ။ ခြေတစ်ဖက် ဆာ နေဟန်ရှိသည့် ထိုသူသည် ခက်ခက်ခဲခဲ တစ်လှမ်းချင်းစီ ရှေ့ဆက်လာနေသည်။

အနက်ရောင် ခေါင်းဆောင်းခြုံထည်ထဲမှ ကိုယ်ခန္ဓာသည် ကျစ်လစ်သွယ်လျသည်။ အရိပ်ကျနေ၍ မျက်နှာကို မမြင်ရ။ ဒူးဆစ်အောက်ထိရှိသော သားရေဖိနပ်များတွင် ရွှံ့များနှင့် ပေကျံခြောက်သွေ့လျက်ရှိသည်။ ခါးတွင်ချိတ်ထားသည့် ရွှေရောင်ဝင်းသော ဓါးလက်ကိုင်သည် အမှောင်ရိပ်တစ်ခုလို ရွေ့လျားနေသည့် ထိုသူထံမှ တစ်ခုတည်းသော အလင်းတန်းဖြစ်သည်။

CLOVERWhere stories live. Discover now