အခြားတစ်ဖက် (ဇာတ်သိမ်း)

133 11 0
                                    

တိမ်မြူတွေကို မြင်ရသည်။ ဒီတိမ်မြူတွေကို သူမ မုန်းတီးသည်။ သို့သော် ဒီပုံစံ၊ ဒီအခြေအနေကို မြင်ရတိုင်း မာရာနှင့် ပြန်ဆုံရလိမ့်မည်ဆိုသော အသိခံစားချက်က တွဲလျက်ပါသည်။ မှိုင်းမှိုင်းဝေနေသော တိမ်စိုင်တိမ်မြူများကြားမှာ မည်းမည်းရိပ်များသည် ပေါ်လိုက်၊ ပျောက်လိုက်။ အရိုးပြိုင်းပြိုင်းနှင့် သစ်ပင်ရိပ်များသည် ခြောက်ခြားဖွယ်ရာ။

မီးခိုးရောင်ရိပ်ကို လှမ်းမြင်ရပြီ။ ဆံပင်လိပ်ကောက်များသည် ဖွာရရာကျလျက် တစ်စုံတစ်ရာကို ငုံ့ကြည့်နေသည့် နောက်ကျောဖက်မှ ပုံရိပ်သည် သူမချစ်ရသူ။

"မာရာ.."

......

"မာရာ.. ငါ ဒီမှာ.."

လေးလံဖိနှိပ်မှုများကို ခံစားရချိန် အတင်းရုန်းသည်။​ တိမ်မြူများ၏ ချုပ်နှောင်မှုကို ယခုအခါမှာ လက်မခံနိုင်။ ချစ်သူနားရောက်ဖို့ အားကုန်ကြိုးစားသည်။ မြူဖုံးသော တောနက်သည် တိတ်ဆိတ်လွန်းသည်။ မည်သည့်လှုပ်ရှားမှုမှ မရှိသလို မည်သည့်အသံကိုမျှ မကြားရ။ ဗလာနယ်သည် ခေါင်းပေါက်တစ်ခုပမာ အရာရာကို ဝါးမြိုထားသလိုပင်။ နီးကပ်လာသော ပုံရိပ်မှ လှုပ်ရှားမှုကို မြင်ရသည်။ ဆံပင်နက်များ လှုပ်ရှားသွားသလို ကျောပေးထားသူသည် တဖြည်းဖြည်း လှည့်ကြည့်သည်။

မီးခိုးရိပ်လား မြူရိပ်များကြောင့်လားမသိ။ မသဲကွဲသော်လည်း ခပ်စောင်းစောင်းလှည့်ကြည့်သည့် မာရာ၏ မျက်နှာတခြမ်းကိုသာ မြင်နေရသည်။ တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားရသည်။ ခံစားချက်မဲ့ မျက်လုံးသေများသည် လှုပ်ရှားမှု ကင်းမဲ့လျက်။ လှုပ်ခတ်မှုမရှိသည့် မျက်တောင်များနှင့် မိမိကို စိုက်ကြည့်နေသည်။ စေးပျစ်သော အရည်များသည် ဆံလိပ်ခွေများမှ တတောက်တောက်ကျနေဆဲ။ လက်တစ်ဖက်သည် ဘေးတစ်ဖက်မှ တွဲလောင်းကျနေသည်။ ဆုပ်ကိုင်ထားသော ကျိုးပဲ့နေသော စကားပြောဆက်သွယ်ရေးစက်လေးကို မြင်နေရသည်။

"မာရာ.. ငါနဲ့လိုက်ခဲ့.. ငါ့ဆီလာခဲ့.."

မာရာ၏ ပါးတခြမ်းရွဲ့သွားသည်။ တစ်စုံတစ်ရာ ပြောလိုက်သည်လား မသေချာ။ လှုပ်ရှားလိုက်သော နှုတ်ခမ်းများကြားမှ စျေးပျစ်ပျစ်အရည်များ ပွက်ခနဲ ထွက်ကျလာသည်။ အောက်နှုတ်ခမ်းသည် ပြတ်ထွက်မတွက် တွဲလောင်းကျလျက်။

CLOVERWhere stories live. Discover now