အခြားတစ်ဖက် (၂ )

131 8 0
                                    

မိခင်ဖြစ်သူ ပြင်ဆင်နေသော သိုးသားကင်နံ့သည် မွှေးပျံ့သင်းကြိုင်လျက်ရှိသည်။ သာမန်ချိန်များတွင် အလင်းရောင် သိပ်မရှိတတ်သည့် အိမ်ရှေ့ခန်းတွင် မီးရောင်ပွင့်များနှင့် တန်ဆာဆင်ထားသော ခရစ္စမတ်သစ်ပင်သည် တောက်ပလျက်။ အလျှံတငြီးငြီးနှင့် ဧည့်ခန်းမီးဖိုသည်လည်း နွေးထွေးစရာ အိမ်တစ်ခု၏ အနှစ်သာရကို ပေးစွမ်းနိုင်စွမ်းရှိသည်။

"အဖွားရော.."

"သူ့ အခန်းထဲမှာ"

မာရီယာ တိုင်ကပ်နာရီကို မော့ကြည့်လိုက်တော့ နေ့လယ် ၁၂ နာရီခွဲပြီ။ မနက် ၇ နာရီဆိုလျှင် အိပ်ရာမှ နိုးထလေ့ရှိမြဲအဖွားက ယခုချိန်ထိ အခန်းထဲမှာ ရှိနေသေးတာက ထူးခြားနေသည်။ စိတ်ငြိမ်ဆေးတွေသောက်ထားရပြန်ပြီလားမသိဟု တွေးမိတော့ ရင်ထဲ အလိုလိုလေးရသည်။ နေ့လယ်စာချိန်လည်း ရောက်နေပြီမို့ စားပွဲပြင်နေရာမှ အဖွားကိုခေါ်ဖို့ ထွက်လာခဲ့သည်။

"အဖွား"

တံခါးကို ဖြည်းဖြည်းခေါက်ရင်း ခေါ်လိုက်သော်လည်း ပြန်ထူးသံမကြားရ။ နောက်တစ်ကြိမ် ထပ်ကြိုးစားပြီးချိန်မှာတောင် တုန့်ပြန်မှုကို မရသည့်အဆုံး လက်ကိုင်ကို တွန်းလှည့်ကာ အခန်းထဲ ဝင်လာခဲ့သည်။ အဖွားသည် အိပ်ပျော်နေသည်မဟုတ်။ ကုတင်ပေါ်မှာ ခေါင်းအုံးမှီရင်း ထိုင်နေခြင်းဖြစ်သည်။ အဖွားလက်ထဲမှာ အမြဲလိုလို တွေ့ရလေ့ရှိသော စိတ်ပုတီးသည် လက်ကောက်ဝတ်ကို ရစ်ခွေငြိမ်သက်လျက်။ ရှေ့တုရုကို စိုက်ကြည့်နေသော မျက်လုံးများသည် ဘာကိုမှမြင်ဟန်မတူ။

"အဖွား.. နေ့လယ်စာ စားရအောင်"

အဖွားသည် သူမအသံကိုတော့ ကြားဟန်တူသည်။​ လည်ပင်းစောင်းကာ ကြည့်သော်လည်း မျက်စိသူငယ်အိမ်များက လှုပ်ရှားမှုမရှိ။

"အဖွား.. နေ့လယ်စာ"

ထပ်ပြောတော့ အဖွားလည်ချောင်းထဲက အသံတစ်မျိုး ကြားရသည်။ လက်ခံသည်လား။ ငြင်းပယ်သည်လားကိုတော့ အဓိပ္ပါယ်မဖွင့်တတ်။ အဖွားနားသို့လျှောက်သွားရင်း အောက်ဆင်းနိုင်ဖို့ ကူတွဲပေးသည်။ ခွန်အားမရှိသော လက်မောင်းများသည် အရိုးသာသာပေါ် အရေပြားအုပ်ထားသည်လား ထင်ရပြန်သည်။ ဒီလိုဆိုတော့လည်း အဖွားဖြစ်သူကို မသနားဘဲ မနေနိုင်။

CLOVERWhere stories live. Discover now