ဆုံမှတ်စက်ဝန်း (ဇာတ်သိမ်းပိုင်း)

183 16 0
                                    

လမင်းကြီးသည် ထိန်ထိန်သာနေသည်။ သူတို့ရောက်ရှိနေသောနေရာသည် တောစပ်နားဖြစ်၍ အဝေးတစ်နေရာရှိ လရောင်အောက်မှ မြို့ဟောင်းကြီးကို မြင်နေရသည်။ ဒီမြို့ကြီးသို့ ရိုဟာ ရောက်လာခဲ့သည့်အချိန်ကို သတိရသည်။ ရက်သတ္တပါတ်အနည်းငယ်အတွင်း အပြောင်းအလဲများက မယုံနိုင်စရာ ကောင်းလောက်အောင် များပြားခဲ့သည်။

ခရီးဆက်ဖို့ အတူထွက်လာခဲ့ကြသည်။ နှစ်ပေါင်းများစွာအတွင်း ရိုဟာ့ဘေးတွင် ပထမဆုံးအကြိမ် ခရီးဖော်တစ်ဦး လိုက်ပါလာခြင်းပင်။ သူတို့နှစ်ယောက် မည်သည့်အချိန်ထိ အတူရှိနိုင်လိမ့်မည်ကို မတွေးရဲ။ မရေရာမှုများ၊ မလုံခြုံမှုများသာ ရှိသောဘဝတွင် ရူးရူးမိုက်မိုက် ဆုံးဖြတ်မိခြင်းမျိုး ဖြစ်နေပြီလား တွေးမိသည်။ သို့သော် ဒီကောင်လေးနှင့် အတူရှိနေရ၍ စိတ်ထဲမှာ နောင်တမရမိ။ ဖြစ်နိုင်လျှင် ခွန်အားရှိသမျှ အမြဲအတူရှိအောင် ကြိုးစားချင်သည်။

"မိုနီ.."

"ဗျာ.."

ထင်းမီးပုံဘေးတွင် အာရုံစိုက်ပြီး ခေါင်းငုံ့အလုပ်များနေသူက မော့ကြည့်သည်။ အပြုံးကိုပါ တဆက်တည်းမြင်ရသည်။ အမျိုးအမည်ခွဲခြားရခက်သော ခံစားမှုမျိုး။ အရာရာသည် လှပပြည့်စုံသည်ဟူသော ခံစားချက်မျိုးကို ယခုအချိန်ထိ မရင်းနှီးခဲ့။

"မင်း ဒဏ်ရာတွေ ဘယ်လိုနေလဲ"

"နာသေးတယ် အစ်ကိုရ.."

ချောင်းဟန့်ကြည့်ရင်းက ပြုံးမဲ့မဲ့နှင့်ဆိုသည်။ လှုပ်ရှားနေသော လက်များရပ်တန့်တာ လည်ပင်းထက်သို့ လက်ဖျားနှင့်ထိသည်။ ပိန်ရသည့်အပြင် ရုပ်ပင်မပေါ်အောင် ဒဏ်ရာအပြည့် ဒီကောင်လေးကို ချစ်စရာကောင်းသည်ဟု တွေးမိသည့်ခဏ ပြုံးမိသည်။

မိုနီကတော့ ဘာမှနားလည်ဟန်မရှိ။ ဖြေပြီးသည်နှင့် လက်ထဲမှ ဆွဲလက်စ ပုံဆီ ချက်ချင်းအာရုံပြန်ရောက်သွားသည်။ မီးသွေးခဲ စ ကို ဖိကိုင်ထားသော လက်သွယ်များသည် သွက်လက်စွာရေးခြစ်နေသည်။ ရိုဟာ အနားသို့လျှောက်သွားပြီးမှ ငုံ့ကြည့်သည်။ ထင်းမီးရောင်အောက်တွင် ကျောက်တုံးထက်မှာ ပုံဆွဲနေသည့်ကောင်လေး။ ပုံကြမ်းများက မပီပြင်သေးသော်လည်း ခန့်မှန်းရလွယ်သည်။ တောင်တန်းများနှင့် လူသားနှစ်ဦး။

CLOVERWhere stories live. Discover now