ဆုံမှတ်စက်ဝန်း (၃)

88 10 0
                                    

မနက်ခင်း၏ မလင်းတလင်းအလင်းရောင်အောက်တွင် အရာရာသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ညအချိန်က အနွေးဓါတ်ပေးခဲ့သော ထင်းမီးဖိုသည်လည်း ပြာပုံအဖြစ် အေးစက်စက်သာ ကျန်နေရစ်သည်။ တစ်စုံတစ်ရာ မှားယွင်းနေသကဲ့သို့ ခံစားနေရမှုကို စိတ်ထဲမှ အသံတိတ် မောင်းထုတ်ဖြစ်သည်။ အမှောင်ထုနှင့် အေးစက်ခြင်းတွင် အသားကျနေသူအတွက် အလင်းရောင်နှင့် အနွေးဓါတ်တို့ မလိုအပ်။

ခရီးထွက်ဖို့ရန် အချိန်တန်ပြီ။ အဝတ်အစားကို အထူးအထည်လဲနေစရာမလို။ မည်သည့်အထုပ်အပိုးကိုမှလည်း ဂရုတစိုက် ပြင်ဆင်နေဖို့မရှိ။ နှုတ်ဆက်ဖို့ဆိုတာသည်လည်း သူ့အတွက် မည်သည့်အချိန်ကမှ လိုအပ်ခဲ့သည့်အရာမဟုတ်။ အရေးအကြီးဆုံးမှာ ကိုယ်နှင့်မကွာ အမြဲရှိနေတတ်သည့် ဓါးမြှောင်တစ်ခုသာ။

အိမ်အပြင်ဖက်တွင် မြူစိုင်များ သိပ်သည်းနေဆဲပင်။ သို့သော် လွှမ်းခြုံထားသည့် မှိန်ဖျဖျ အလင်းရောင်ကြောင့် မှောင်မည်းနေသည်တော့မဟုတ်။ ရက်အတော်များများ အနားယူနိုင်ခဲ့၍ မြင်းညိုကြီးသည် ခရီးဝေးအတွက် အဆင်သင့် ဖြစ်နေပြီ။ သခင်ဖြစ်သူကို နှာမှုတ်နှုတ်ဆက်သည်။ သားရေအိတ်ရေဗူးသည်လည်း မြင်းကြီးနားမှာ အဆင်သင့်။ ခြံထောင့်မှ မြေပုံရှိရာ တစ်ချက်လှမ်းကြည့်သည်။ ထို့နောက်မှာတော့ ခံစားချက်မဲ့မျက်နှာဖြင့် မြင်းဇက်ကြိုးကိုကိုင်ရင်း လာခဲ့သောလမ်းအတိုင်း ရိုဟာ ထွက်လာခဲ့သည်။

ကျောက်ခင်းမြို့လမ်းမများပေါ် တဖန်ပြန်လည်ရောက်ရှိသည်။ ယနေ့မနက်ခင်းတွင် ငှက်တေးသံတို့ တိတ်ဆိတ်နေသည်။ အိမ်ပြိုများ၊ အိမ်ပျက်များကြားမှ ဆက်လျှောက်လာခဲ့သည်။ မြို့ဟောင်းကြီး၏ အစိတ်အပိုင်းအတော်များများကို သေချာမှတ်မိနေသည်။ ရက်သတ္တပါတ်အနည်းငယ် နေထိုင်ခဲ့သောနေရာသည် သူ့အတွက် အခုလောက် ရင်းနှီးနေဖို့မလိုအပ်။

အဖွား ဒီည ကောင်းကောင်းအိပ်ရမှာ

သားရေလိပ်ကိုပြရင်း ပြောနေသည့် အပြုံးမျက်နှာသည် မတွေးပါဘဲလျက် အရိပ် ထင်ဟပ်သည်။ မိမိအတွေးများကို ထိန်းချုပ်၍မရသည်ကို သဘောမကျ။ တော်သေးသည်။ သံယောဇဥ်တို့ မဖြစ်လာသေးမီ ယခုအချိန်မှာ ခွဲလာနိုင်ခဲ့ပြီ။ ဒါသည်ပင် သူ့အတွက် အကောင်းဆုံးဖြစ်သည်။ မည်သူပင် ဖြစ်ပါစေ။ သူ့အပေါ် ဒီလိုလွှမ်းမိုးနိုင်တာမျိုးကို ဘယ်တုန်းကမှ မကြိုက်ခဲ့။ ဘဝတွင် မည်သည့်အနှောင်အဖွဲ့နှင့်မျှ မရှင်သန်လို။

CLOVERWhere stories live. Discover now