ဆုံမှတ်စက်ဝန်း (၂)

93 9 0
                                    

ကောင်းကောင်းအနားယူနေရ၍ လန်းဆန်းနေသော မြင်းကြီးသည် ကောက်ရိုးစများကို ဇိမ်ခံဝါးနေသည်။ မြင်းကြီး၏ ကျောပြင်ကို ပွတ်သပ်ပေးနေရင်းမှ ရိုဟာ မျက်နှာသည် အလိုမကျစွာ မှုန်ကုပ်နေသည်။ တစ်ညတာဟု ရည်ရွယ်ခဲ့သည့် ခရီးတထောက်နားနေမှုသည် ရက်ပေါင်းအတော်ကြာလာခဲ့ပြီ။ ထွက်ခွာသွားသင့်ပြီကို နားလည်သော်လည်း ယနေ့ထိ မသွားဖြစ်သေး။

ဒီနေရာသို့ ရောက်လာခဲ့ပြီး ဒုတိယညတွင် မိုနီ့အဖွား အမောဖောက်သည်။ အသက်ရှူ မဝနိုင်သလို ပင်ပန်းကြီးစွာ အသက်ရှူနေရသည်။ ချောင်းဆိုးသည်မှာလည်း ပို၍စိပ်လာသည်။ လူမမာအဖွားနားတွင် နေ့ရောညပါ ပြုစုနေသောကြောင့် အစားအသောက်ကို မိုနီ မစဥ်းစားတော့။ သူသာ မရှိလျှင် နောက်ပိုင်းနေ့ရက်များတွင် မည်သည့်အစားအစာမှ ရှာနိုင်မည်မဟုတ်။ ရိုဟာဝင်ကူပေးနေ၍သာ တောင့်ခံနိုင်ခြင်းဖြစ်သည်။ နှစ်လလုံးလုံး မဝရေဆာနှင့် ရှင်သန်ခဲ့သော လူငယ်လေးသည် အရိုးသာသာ ပိန်လှီသောခန္ဓာနှင့် ဖြစ်နေပြီ။ ယခုလိုဆက်ပြီးနေလျှင် ဤအိမ်တွင် တစ်လောင်းမှ နှစ်လောင်းဖြစ်ရုံသာရှိမည်။

မိမိအတွက်လည်း ဒီမြို့ကြီးတွင် ရှာဖွေနေသူ မရှိတာသေချာနေ၍ ဆက်နေလျှင် အကျိုးမထူးနိုင်တော့။ မကျန်းမာသောအဖွားကြီးနှင့် ပိန်လှီလှီကောင်လေးကို ဒီအတိုင်း ထားခဲ့ရမှာ စိတ်မချနိုင်သလို ခံစားရသော်လည်း အခြားသူအတွက်ဆိုတာ သူ့ဘဝမှာ ထည့်သွင်းစဥ်းစားရန် မဟုတ်ခဲ့သည်မှာ ကြာခဲ့ပြီ။ ဒီနေရာမှ ထွက်သွားသင့်ပြီဟု ဆုံးဖြတ်ပြီးချိန် မြင်းညိုကြီးကို ကြိုးမှဖြုတ်ရင် ဟန်ပြင်သည်။

"အစ်ကို သွားတော့မလား"

အနားကိုလျှောက်လာသည့် မိုနီသည် ပထမဆုံးနေ့ စတွေ့ချိန်ကထက် ပိုပိန်သွားသည်။ ပါးရိုးများ ထင်းနေသည်အထိ မျက်နှာကျနေပြီ။ သို့သော် မျက်လုံးဝိုင်းများကတော့ ကြည်တောက်နေဆဲ။ ညစ်ထေးနေသော မျက်နှာပြင်နှင့် လူရုပ်မပေါ်သော ခန္ဓာတွင် ထိုမျက်လုံးများသည် ကြယ်ပွင့်များလို ထူးခြားသည်။

"ကျွန်တော် အစ်ကို့အတွက် ရေဗူးပြင်ထားပေးတယ်.. ဒီဒေသက ရေရှားတယ် အစ်ကိုရ.. ယူဖြစ်အောင် ယူသွား.."

CLOVERWo Geschichten leben. Entdecke jetzt