အခြားတစ်ဖက် (၃)

9 4 0
                                    

အအေးဒဏ်ခံခြုံလွှာကြောင့် အေးစိမ့်မှုကို မခံစားရသော်လည်း ခြေထောက်အနာက မခံမရပ်နိုင်လောက်အောင် နာကျင်နေသည်။ ဖောင်းရောင်နေသော ခြေကျင်းဝတ်ကြောင့် ဖိနပ်ကြိုးကို ဖြည်ထားရသည်။ ခြေစွပ်သီးသန့်နှင့် အပြင်ထုတ်ထားဖို့ကတော့ ယခုလို အေးနေချိန်မှာ မဖြစ်နိုင်။ နာကျင်မှုကို အံကြိတ်ခံရုံမှလွဲပြီး ဘာမှမတတ်နိုင်ချိန် လည်ပင်းမှ ဝေါ်ကီတော်ကီလေးမှ တဂျီဂျီမြည်သံကို ကြားရသည်။

"အသည်းလေး.. ကြားရလား"

"မာရာ"

ဝမ်းသာအားရ ထူးမိသွားတော့ ရယ်သံကို ကြားရသည်။

"နင်ကလေ အရင်ကလိုပဲ"

"ဘာလဲဟ"

စက်သံရောသောစကားသံများသည် နွေးထွေးစေသည်။

"နင် ပျင်းနေမှာစိုးလို့ ခေါ်လိုက်တာ"

"အေးပါ.. အခုဘယ်မှာလဲ"

"တောင်အောက်ဆင်းနေတယ်လေ.. လမ်းမှာ"

"သတိထားဦး"

"အင်းပါ အင်းပါ.."

"နောက်ဆိုရင် ဘာကောင်မှ ငါ ဓါတ်ပုံမရိုက်တော့ဘူး"

ရယ်သံကို ထပ်ကြားရသည်။

"မြန်မြန်ပြန်လာနော်.."

"အေးပါဟ.. ဒီကနေ တစ်ချိန်လုံးစကားပြောမယ်လေ"

"ဟယ် မလုပ်နဲ့.. ဘက်ထရီကုန်သွားရင် ဘယ်လိုလုပ်မလဲ"

ဖုန်းကိုယူပြီး စိတ်ကြိုက် ဓါတ်ပုံရိုက်ခဲ့တာကို ယခုမှ နောင်တရနေသည်။

"ဒီလိုလုပ်.. အကြောင်းထူးမှ နင် ဆက်သွယ်..."

"အေး အေး.."

ဂျီ ဂျီမြည်သံလေး တိတ်သွားခဲ့ပြီ။ နာကျင်တာကို ကြိုးစားလျစ်လျူရှုနိုင်ဖို့ ရင်ဘတ်မှာချိတ်ဆွဲထားသော စကားပြောစက်လေးကို ဆုပ်ကိုင်ရင်း စိတ်မှန်းဖြင့် စက္ကန့်များ မိနစ်များကို ရေတွက်မိသည်။ မာရာပြောသည့်နေရာသို့ရောက်ရန် သိပ်တော့မဝေးလှပါ။ ခြေလှမ်းသွက်ကာ အလေ့အကျင့်ရှိပြီးဖြစ်သော မာရာ့အတွက် အနည်းဆုံး မိနစ် ၃၀ ဝန်းကျင်လောက်သာ ကြာနိုင်မည်။ ပြန်တက်လာဖို့ကတော့ မိနစ် ၄၀ သို့မဟုတ် တစ်နာရီ ဝန်းကျင်လောက် လိုလိမ့်မည်။ ရွာမှအကူအညီတွေရောက်ဖို့ နောက်ထပ်အချိန်အတော်ကြာ စောင့်ရဦးမည်။ မိုးချုပ်သွားနိုင်သော်လည်း အရေးပေါ် အကူအညီအတွက် ရဟတ်ယာဉ်ကို အသုံးပြုလေ့ရှိသည်ကို နားလည်ထားသောကြောင့်လည်း အရမ်းစိတ်မပူမိ။ မိမိတို့ရောက်နေသည့် ဒေသသည် တောင်ထိပ်တွင် ဖြစ်သည့်အပြင် ရဲတိုက်ဟောင်းရှိရာနေရာဖြစ်၍ နေရာအမှတ်အသားအတွက် အခက်အခဲ မရှိနိုင်။

CLOVERWhere stories live. Discover now