လေငွေ့သွင်သွင်(၁၅)

211 16 0
                                    

Unicode
*********
"ပျင်း ပျင်း wake up. Wake up"
"အင်း..5 min ..5min ပဲ
"No , ဆက်အိပ်ရင် sickဖြစ်လိမ့်မယ်တဲ့ ‌ချူးပြောတယ်"
"ဟမ်.."

ပယင်းမထချင်ထချင်ဖြင့် နီယွန်ရဲ့ စောင်ပုံထဲကနေ တိုးထွက်ခဲ့ရသည်။ ညနေဖက်အိပ်မိလျှင် ဖျားတတ်သည်ဟူသော တောရွာဓလေ့ကြောင့် သူ့မှာ ထလာရပေမယ့် မကျေမချမ်းနှင့် နီယွန်ကို မျက်စောင်းထိုးလိုက်သည်။ သူမမြင်မှန်း သိလို့ပေါ့။ မဟုတ်ရင် မထိုးရဲ┐⁠(⁠ ⁠∵⁠ ⁠)⁠┌။

နီယွန်ကတော့ မြင်ဖြစ်အောင်မြင်လိုက်ကာ ထိုမျက်စောင်းကို အပိုင်သာသိမ်းထားချင်မိတော့သည်။
"လာပါ စိတ်မကောက်နဲ့တော့၊ ညစာပြင်ထားပြီးပြီ။ ထလာစားပြီးမှ ဆက်အိပ်နော်"
"အင်း"

ပယင်းခေါင်းငြိမ့်ပြပြီးမှ သတိရသွားသည်။ ဒါ နီယွန်အိမ်ကြီးရောလို့။ သူ့အိမ်မှမဟုတ်ဘဲ၊ ခပ်တည်တည်ဝင်အိပ်မိသည့်အပြင် စိတ်ပါလာကောက်နေမိသည့်သူက ဟုတ်တော့မဟုတ်သေး။ ပြီးတော့ နီယွန်ကလဲဘာလို့ သူ့ကို ကလေးလို လာချော့နေရတာလဲနော်။ သူက အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ လူကြီးပါနော်။

သူတွေးသမျှက သူ့မျက်နှာနုနုထက်မှာ အတိုင်းသား။ အိပ်ရာကနေ အတင်းထလာရလို့ ဆူထွက်နေတဲ့ နှုတ်ခမ်းဖူးဖူးတွေက အသက် ၂၅နှစ်ဆိုတဲ့ သူ့အတွေးကို နှောက်ယှက်လို့။

"ဂွီ .."

ပယင်းဗိုက်ထဲကအသံက ပယင်းအတွေးကိုဖြတ်တောက်လိုက်သည်။
"ပြောသားပဲ၊ လာ ကိုယ်လဲဗိုက်ဆာနေပြီ"

ဒွေးကြည်လက်ရာ ငါးခြောက်ကို ခရမ်းချဉ်သီးနှစ်လေးနှင့် ငါးရုတ်သီးစပ်စပ်လေး အိုးကပ်ချက်ထားပြီး ပုဇွန်တုတ်ကြီးတွေကို ကြွပ်ကြွပ်ကြော်ထားပြီး အချဉ်ရည်လေးနှင့်တွဲချထားပေးကာ ‌ပန်းဂေါ်ဖီကြော်တစ်ခွက်နှင့် အအီပြေ အမဲရိုးစွပ်ပြုတ်ပူပူလေးကလဲ အငွေ့တထောင်းထောင်း။ နိုင်ငံခြားသားမို့ဆိုတဲ့ ဟိတ်ကြီးဟန်ကြီး ချက်ပြုတ်မှုတွေ ၊ပန်းကန်ပြားကြီးကြီးပေါ်မှာ လက်မလောက်အသားဖတ်လေးတင်ပြီး ဒေါ်လာ၁ထောင်လောက်တောင်းသည့် အပြင်ဆင်မျိုးလဲမရှိ။ ရိုးရိုးရှင်းရှင်းနှင့် စားချင်စဖွယ် အိမ်ချက်အရသာလေး။
ပယင်း လက်‌သေချာဆေးကာ ထမင်းဝိုင်းဝင်ထိုင်ပြီး ပုဇွန်တုတ်ကြီးတွေကို အခွံခွာကာ နီယွန်ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ ငါးခြောက်ကတော့ အရိုးမပါသည့် အကောင်းစားဖြစ်တာမို့ စိုးရိမ်ဖို့မလို။
"ပျင်းလဲစားပါ၊ ကိုယ် ကိုယ်တိုင်လုပ်နိုင်ပါတယ်"
"ရတယ် ရတယ်၊ သူများအိမ်ပေါ် အလကားလာစားနေပြီး အိမ်ရှင်ကို ဒီလောက်တော့ ပြန်လုပ်ပေးရမှာပေါ့"
"စိမ်းကားတဲ့ စကားတွေ ပြောနေတယ် ပျင်းက၊ ကိုယ်ဆို ပျင်းရဲ့ mother ရှိတုန်းက ပျင်းတို့အိမ်မှာပဲ အမြဲစားနေတာကို။ ပျင်းပြောသလိုဆို ကိုယ် ပျင်းပေါ် ကျေးဇူးကြွေးအများကြီး တင်နေပြီ၊ ဘယ်လိုပြန်ဆပ်ရမလဲ"
"အမလေး ကိုယ်တတ်ပကြီးနဲ့ ပြိုင်မပြောနိုင်တော့ပါဘူးဗျာ၊ ကြည့်ဦး မြန်မာစကား မွတ်လာလိုက်တာများ ကျွန်တော့်ကို ပြန်ရောင်းစားသွားလို့ရနေပြီ"
"ဟားဟား ၊ဟုတ်ပါပြီ မပြောတော့ဘူး၊ ပျင်းလဲ ကိုယ့်အပေါ် စိမ်းကားတဲ့စကားတွေ မသုံးရဘူး၊ ဒိအိမ်ကိုလဲ ပျင်းအိမ်လို့ပဲ သဘောထား၊ ကြာပါတယ် ဒီအိမ်မှာပဲနေတော့၊ပြောင်းလာခဲ့၊ ဟိုဖက်မှာဆို ကိုယ့်ကိုယ် ချက်ပြုတ်ရဘာရနဲ့ရှိနေဦးမယ်၊ ဒီမှာဆို ‌ချူးတို့လုပ်လိမ့်မယ်၊ ချူး ခဏနေ ထမင်းစားပြီးရင် အိပ်ခန်းပြင်ပေးဦး ပျင်းအတွက်"

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now